Home သတင်း BGF မှ KNA ပြောင်းမည့်အရေး ဆွေးနွေးပွဲ သဘောတူညီမှုရရှိ

BGF မှ KNA ပြောင်းမည့်အရေး ဆွေးနွေးပွဲ သဘောတူညီမှုရရှိ

1531
Photo : BGF/KNA

ဇူလိုင် ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

နယ်ခြားစောင့်တပ်-BGF မှ ကရင့်အမျိုးသားတပ်မတော်-KNA အဖြစ် ပြောင်းလဲဖွဲ့စည်းမည့်အရေး ဆွေးနွေးပွဲတွင် တက်ရောက်သူ ကရင်နိုင်ငံရေးပါတီများ၊ ကရင်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ ကျေးရွာတာဝန်ရှိသူများနှင့် သံဃာတော်အများစု၏ သဘောတူညီထောက်ခံမှု ရရှိခဲ့ကြောင်း ဦးဆောင်ပြုလုပ်သူ BGF ထိပ်ပိုင်းခေါင်းဆောင်ထံမှ သိရသည်။

ကရင်ပြည်နယ်ငြိမ်းချမ်းရေး၊ ဒေသတည်ငြိမ်ရေးနှင့်စည်းလုံးညီညွှတ်ရေး အမည်ဖြင့် အဆိုပါတွေ့ ဆုံဆွေးနွေးပွဲကို ဇူလိုင်လ(၂၀)ရက်နေ့က BGF ဥက္ကဋ္ဌ ဗိုလ်ချုပ်စောထွန်းလှိုင်၊ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးချုပ်စောတင်ဝင်းနှင့် စောမုတ်သုန် စသည့်ထိပ်ပိုင်းခေါင်းဆောင်များမှ ဦးဆောင်ပြုလုပ်သွားခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် သံဃာတော်အများစုနှင့်ကရင်ပါတီများအပြင် ကရင်ပြည်နယ် လှိုင်းဘွဲ၊ ပိုင်ကျုံ၊ ဖားအံ၊ ကော့ကရိတ်၊ ဖာပွန်၊ ကမမောင်း မြို့နယ်တို့မှ ကျေးရွာတာဝန်ရှိသူများ၏သဘောတူညီမှုရရှိခဲ့သည်ဟု BGF တပ်နယ်(၂) ဗျူဟာမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းက ကေအိုင်စီသို့ ပြောသည်။

Photo : BGF/KNA

“ဘုန်ကြီး၊ ကျေးရွာတာဝန်ရှိသူတွေကတော့ KNA ပြောင်းဖို့ ထောက်ခံမှုအပြည့်ရရှိထားတယ်။ ဒါပေမယ့် အဲဒီထဲက ဘုန်းကြီး ၃ပါး၊ ၄ပါးလောက်ကတော့ တိုက်ပွဲဖြစ်ပြီး ပြည်သူလူထုဝန်ထုပ်ဝန်ပိုးဖြစ်မှာ စိုးရိမ်တယ်လို့ တင်ပြတာရှိပြီး အများကတော့ထောက်ခံတယ်။ တံဆိပ်ပြောင်းမယ့်ရက်တော့ အသေအချာပြောလို့မရသေးဘူး။ ပြောင်းတော့ပြောင်းမယ်။” ဟု စောတင်ဝင်းက ပြောသည်။

စစ်ကောင်စီထံမှ လစာမယူဘဲ BGF မှ Karen National Army-KNA ပြောင်းဖို့ကိစ္စနှင့်ပတ်သက်ပြီး BGF ထိပ်ပိုင်းခေါင်းဆောင်များမှ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကပြုလုပ်ခဲ့သည့် အစည်းအဝေးနောက်ပိုင်းကတည်းက သဘောတူဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

Photo : BGF/KNA

ထို့နောက် BGF တပ်နယ်၊ တပ်ရင်းအချို့ KNA ဘက်တံဆိပ် ပြောင်းလဲတပ်ဆင်ခြင်းများ ပြုလုပ်ခဲ့သလို KNA တပ်ဖွဲ့ဝင်ခေါ်ယူမှုများလည်း ပေါ်ပေါ်ထင်ထင်ပြုလုပ်လာသည်။ ယင်းအပြင် ၎င်းတို့လှုပ်ရှားရာ ဖားအံအပါအဝင် စစ်ကောင်စီနှင့်အတူပူးတွဲတပ်စွဲထားသည့် နေရာအချို့တွင်လည်း တပ်အင်အားရုပ်သိမ်းမှုများ လုပ်ဆောင်ခဲ့သည်။

BGF အနေဖြင့် KNA သို့ပြောင်းလဲဖွဲ့စည်းကြောင်း တရားဝင်ထုတ်ပြန်ချက်မထုတ်ရသေးသော်လည်း BGF/KNA အနေဖြင့် မီဒီယာတွင်ဖော်ပြခံနေရသလို လက်ရှိတွင်လည်း စစ်သင်တန်းမပြတ်ဖွင့်လှစ်ခြင်း၊ ကရင်ပြည်နယ်ဘက်တွင် တပ်သားသစ်စုဆောင်းခြင်းတို့ကို ခပ်စိတ်စိတ်လှုပ်ရှားနေကြောင်း ဒေသတွင်းအရင်းအမြစ်များအရ သိရသည်။

လက်ရှိအချိန်တွင် တပ်နယ်(၄)နယ်၊ တပ်ရင်း(၁၃)ရင်းဖြင့် ဖွဲ့စည်းထားသည့် BGF ၌ တပ်ဖွဲ့ဝင်အင်အား သောင်းဂဏန်း ရှိနိုင်ကြောင်းလည်း ခန့်မှန်းသူများက သုံးသပ်သည်။