Home သတင်း ကော်သူးလေသစ်ပင်စိုက်နေ့အတွက် ဖားအံခရိုင်တွင် သစ်ပင် (၅၀၀) ဝန်းကျင် စိုက်ပျိုးခဲ့

ကော်သူးလေသစ်ပင်စိုက်နေ့အတွက် ဖားအံခရိုင်တွင် သစ်ပင် (၅၀၀) ဝန်းကျင် စိုက်ပျိုးခဲ့

686

ဇွန်လ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၇)ထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင် ကွီးလော်ဖ လိုးကျေး ရွာတွင် KNU ဗဟို ကော်သူးလေသစ်တောဌာန-KFD နှင့် ကျေးရွာပြည်သူများ ပူးပေါင်း၍ ယနေ့ ဇူလိုင်လ ၁ ရက် နေ့တွင် ကျရောက်သည့် ၈ ကြိမ်မြောက် ကော်သူးလေသစ်ပင်စိုက်နေ့ အထိမ်းအမှတ်အနေဖြင့် သစ်ပင်ပေါင်း (၅၀၀) ဝန်းကျင် စိုက်ပျိုးခဲ့ကြသည်။

“တောတောင်များကို စိမ်းလန်းစိုပြည်စေခြင်းဖြင့် ကမ္ဘာမြေကြီးကိုကုစား၍ ကော်သူးလေကို တည်ဆောက်ပါ” ဆောင်ပုဒ်နှင့်အတူ ဒေသအတွင်း သစ်ပင်အရေအတွက် ပိုမိုများပြားလာစေရန်၊ တာဝန်ရှိသူများနှင့် ဒေသခံများပူး ပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်နှင့် သစ်ပင်ချစ်မြတ်နိုးစိတ်ပွားများလာစေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း သည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

KNU ဗဟို၏သစ်တောဌာနမှူး ပဒိုမန်းဘထွန်းက “ ခုလို စုပေါင်းသစ်ပင်စိုက်လ သတ်မှတ်လုပ်တာကတော့ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းဖို့ပါ။ စိုက်တာကတော့ သစ်မျိုးစုံပါပဲ။ သီးပင်စားပင်တွေ အရိပ်ရအပင်တွေ တောရိုင်းတိရစ္ဆာန်တွေစားဖို့အတွက်ပါ ရည်ရွယ် စိုက်ကြတာ ရှိတယ်။ နေရာဒေသပေါ် မူတည်ပြီး သင့်တော်တဲ့ အပင်တွေ စိုက်သွားမှာပါ “ ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် သစ်တော ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ပေါ်လစီများ ချမှတ်ထားခြင်းရှိသော်လည်း လိုက်နာ ကျင့်သုံး မှုအားနည်းလာသလို ငွေရေးကြေးရေးနှင့် နည်းပညာပိုင်းများလည်း လိုအပ်ချက်ရှိနေသောကြောင့် အကောင် အထည်ဖော်မှုကိုလည်း ခေါင်းဆောင်းများမှအစ လူထု အားလုံးပူးပေါင်းဆောင်ရွက်မှသာ ရရှိမည်ဖြစ် ကြောင်းလည်း ပဒိုမန်းဘထွန်းက ဖြည့်စွက်ပြောသည်။

ယနေ့ပြုလုပ်သော ကော်သူးလေစုပေါင်းသစ်ပင်စိုက်ပွဲသို့ သစ်တောဌာနမှူး ပဒိုမန်းဘထွန်းနှင့် တာဝန်ရှိ သူများအပြင် ကျေးရွာသစ်တောထိန်းသိမ်းရေးအဖွဲ့၊ ဌာနဆိုင်ရာလူငယ်များနှင့် ကျေးရွာပြည်သူများအပါအဝင် စုစုပေါင်း (၇၀ ) နီးပါး တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများမှ ကော်သူးလေ စုပေါင်းသစ်ပင်စိုက်ပျိုးလ ဖြစ်ပေါ်လာပုံ၊ တက်ရောက် လာသူများအား အမှာစကားနှင့် ကျေးဇူးတင်စကားပြောကြားပြီးနောက် စုပေါင်းသစ်ပင်စိုက်ပျိုးကြသည်။

သစ်ပင်စိုက်ပွဲသို့ တက်ရောက်လာသူ ကရင်လူငယ်တစ်ဦးက “ဒီ ၈ ကြိမ်မြောက် စုပေါင်း ကော်သူး လေသစ်ပင်စိုက်လမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအဖွဲ့အနေနဲ့ သက်ဆိုင်ရာ ကိုယ်နဲ့နီးစပ်ရာ သစ်တောဌာနတွေနဲ့ ပူးပေါင်းပြီး ကျနော်တို့ရဲ့ လူနေမှုဘဝအတွက် အပြန်အလှန် အမှီသဟဲပြုနေရတဲ့ သစ်တော သစ်ပင်တွေ ပိုပြီး တိုးပွားလာဖို့ ခုချိန်ကတည်းက ပါဝင်လုပ်ဆောင်သင့်တယ်။ မျိုးဆက်သစ်လူငယ်တွေအပါအဝင် စုပေါင်းသစ်ပင်စိုက်လမှာ အင်တိုက်အားတိုက် ပါဝင်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

၎င်းအပြင် သစ်တောများထိန်းသိမ်းရန်နှင့် အစားထိုး စိုက်ပျိုးရန်အတွက် ဇူလိုင်လ တစ်လလုံးတွင်လည်း မိမိနယ် မြေအတွင်း စုပေါင်းသစ်ပင်စိုက်ခြင်းကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူပြီး ပူးပေါင်းပါဝင်လုပ် ဆောင်ကြရန် ဗဟိုကော်သူးလေသစ်တောဌာန-KFD ၏ ထုတ်ပြန်ချက်တွင်လည်း ပဒိုမန်းဘထွန်းက တိုက်တွန်းနှိုးဆော်ထားသည်။

အလားတူ ယနေ့ ကျရောက်သည့် ကော်သူးလေ သစ်ပင်စိုက်နေ့အထိမ်းအမှတ်အနေဖြင့် ကရင်အမျိုးသား အစည်းအရုံး-KNU ထိန်းချုပ်နယ်မြေရှိရာ ခရိုင်၊ မြို့နယ်အသီးသီး၌လည်း သစ်ပင်များ စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကော်သူးလေ စိုက်ပျိုးနေ့ကို KNU သစ်တောဌာန၏ အစည်းအဝေးဆုံးဖြတ် ချက်အရ ၂၀၁၃ ခုနှစ်တွင် ကျင်း ပခဲ့သည့် ၁၅ ကြိမ်မြောက် အစည်းအရုံးကွန်ဂရက်အစည်းအဝေးကြီးတွင် အဆိုပြု တင်သွင်းခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သည့် ၁၆ ကြိမ်မြောက် ကွန်ဂရက်အစည်းအဝေး၌ ကနဦး ဇွန် ၁ ရက်နေ့ကို ကော်သူးလေ သစ်ပင်စိုက်နေ့အဖြစ် သတ်မှတ်ခဲ့သည်။ သို့သော်လည်း ရာသီဥတု ပြောင်းလဲမှုကြောင့် ဇူလိုင်လ ၁ ရက်နေ့ကို ပြန်လည်ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။