Home သတင်း လူဦးရေတိုးလာသဖြင့် ထီးဘောဂေါ် စစ်ရှောင် စာသင်ကျောင်းတွင် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေ

လူဦးရေတိုးလာသဖြင့် ထီးဘောဂေါ် စစ်ရှောင် စာသင်ကျောင်းတွင် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေ

728
Photo - APEBC

ဇွန်လ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆)၊ ကော့ကရိတ်မြို့နယ် မြဝတီ မြို့တောင်ဘက် ဝေါလေဒေသရှိ ထီးဘောဂေါ် စစ်ဘေး‌ရှောင် စာသင်ကျောင်းတွင် ကျောင်းသူ/ကျောင်းသား လူဦးရေ တိုးလာခြင်းကြောင့် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။

ဝေါလေဒေသအတွင်းရှိ ကျေးရွာများတွင် မကြာခဏဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် စာသင်ကျောင်းများထိခိုက်ပျက်စီးပြီး လုံခြုံရေးစိုးရိမ်ရသဖြင့် ကျောင်းနေအရွယ် စစ်ရှောင်ကလေးများမှာ နီးစပ်ရာ ထီးဘောဂေါ် စစ်ရှောင်စာသင်ကျောင်းတွင် ပြောင်းရွှေ့ပညာသင်နေရခြင်းဖြစ်သည်။

လက်ရှိ ထိုကျောင်းတွင် စစ်ဘေးရှောင်ကလေးများ အပါအဝင် မိဘမဲ့ကလေးများ တိုးလာသဖြင့် အခြေခံစားနပ်ရိက္ခာ လိုအပ်ချက်ရှိနေသည်ဟု ‌ပညာရေးပိုင်းဆိုင်ရာ ကူညီပေးသည့် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဝေါလေဘက်က တိုက်ပွဲတွေကြောင့် ရှောင်လာတဲ့ကလေးတွေများတယ်။ ဒီမှာက တစ်ရက်ဆို ဆန် ၄၅ ကီလို အိတ်တစ်အိတ် ချက်ပေးရတယ်။ တစ်လဆို ၃၀ လောက်သွားပြီ။ ရေရှည်ဒီမှာ ဘယ်လောက်ကြာဦးမလဲဆိုတာ မသိနိုင်ဘူးလေ။ အဲ့ဒါကြောင့် ဒီမှာ ရှိတဲ့ကလေးတွေရဲ့ စားဝတ်နေရေးအတွက် ကူညီထောက်ပံ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။” ဟု အဆိုပါအဖွဲ့ဝင်က ကေအိုင်စီကို ပြောသည်။

တိုးလာသည့် လူဦးရေအပေါ် စားနပ်ရိက္ခာထောက်ပံ့မှုအပြင် အခြေခံကျန်းမာရေးလိုအပ်ချက်ဖြစ်သည့် ယင်လုံအိမ်သာများ လိုအပ်နေကြောင်းလည်း ထီးဘောဂေါ်ကျောင်းတာဝန်ရှိသူတို့က ဆိုသည်။

ဖော်ပြပါ ကျောင်းပညာရပ်ပိုင်းကူ အဖွဲ့ဝင်က “လူဦးရေများလာတော့ ယင်လုံအိမ်သာ လိုအပ်ချက်တွေလည်း ရှိလာတယ်။ မဟုတ်ရင် ကျန်းမာရေးအတွက်လည်း ထိခိုက်မယ်။ ကလေးတွေရဲ့ ကျန်းမာ‌ရေးနဲ့ ပတ်သက်ပြီး ဆေးဆရာဝန်တွေလည်း လာရောက်ကြည့်ရှုပေးလို့ ရပါတယ်။” ဟု ဖြည့်စွက်ပြောသည်။

Photo – APEBC

တာဝန်ရှိသူတို့၏ပြောပြချက်အရ ပြီးခဲ့သည့်နှစ်အတွင်း မြန်မာကလေးသူငယ်ပညာရေး ထောက်ပံ့မှုအစီအစဥ် (APEBC) နှင့် ပြည်သူများမှ ပါဝင်လှူဒါန်း အားဖြည့်မှုကြောင့် ထီးဘောဂေါ်ကျောင်းတွင် စာသင်ဆောင်များဖြင့် သင်ကြားနိုင်ခဲ့သော်လည်း လက်ရှိ စစ်ရှောင် လူဦးရေ ပိုမိုများပြားလာမှုကြောင့် စာသင်ခန်းနေရာကို နေရာထိုင်ခင်းအဖြစ်ပါ အသုံးပြုနေရကြောင်း သိရသည်။

ထီးဘောဂေါ် စစ်ရှောင်စာသင်ကျောင်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ဖြစ်ပွားခဲ့သည့် လေးကေ့ကော်တိုက်ပွဲများအတွင်း စစ်ရှောင်လာသော လေးကေ့ကော်နှင့် ဝေါလေဒေသမှ မူလတန်းအရွယ်ကလေးငယ်များ ပညာသင်ကြားခွင့်ရရှိရေးအတွက် ရည်ရွယ်ချက်ကာ ဖွင့်လှစ်ထားခြင်းဖြစ်သည်။

ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) လက်အောက်ရှိ အဆိုပါ စစ်ရှောင်စာသင်ကျောင်းတွင် ပြီးခဲ့သည့် ဧပြီလပိုင်းအထိ KG တန်းမှ Grade 4 အထိ ကျောင်းသူကျောင်းသား ဦးရေ (၇၀) ကျော်ဖြင့် တော‌တောင်ထဲတွင် ယာယီတဲများဆောက်လုပ်၍ ကျောင်းအိပ် ကျောင်းစား ပုံစံဖြင့် လည်ပတ်ခဲ့သည်။

ထို့နောက် လပိုင်းအတွင်းထပ်တိုးလာသည့် ကျောင်းသူကျောင်းသားဦးရေအပါအဝင် လက်ရှိတွင် ကျောင်းတက်ရောက်နေသူ စုစုပေါင်း ၁၂၀ ဝန်းကျင်ရှိလာသည်ဟု ကျောင်းတာဝန်ရှိသူတို့၏ ပြောပြချက်အရ သိရသည်။