Home သတင်း မူတြော်တွင် မေလအတွင်း တိုက်ပွဲ ၈၅ ကြိမ် ဖြစ်ပွားပြီး စကစ ၁၇ ဦး သေဆုံး

မူတြော်တွင် မေလအတွင်း တိုက်ပွဲ ၈၅ ကြိမ် ဖြစ်ပွားပြီး စကစ ၁၇ ဦး သေဆုံး

579

ဇွန် ၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၅၊ မူတြော် (ဖာပွန်) ခရိုင်တွင် ပြီးခဲ့သည့် မေလအတွင်း ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲ ၈၅ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးသွားသည်ဟု မူတြော်ခရိုင်က ထုတ်ပြန် ပြောသည်။

ယခုလို မေလ နှစ်ဖက်တိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ ဘက်မှ ထိခိုက် ဒဏ်ရာရရှိသူ အနည်းငယ်သာရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်က သေဆုံးသူများ အပြင် ထိခိုက်ဒဏ်ရာ ရရှိသူ ၂၂ ဦးအထိ ရှိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

မူတြော်ခရိုင်အတွင်း မေလအတွင်း စစ်ကောင်စီက အရပ်သား ပြည်သူများရှိရာသို့ လက်နက်ကြီး ပစ်ခတ်မှု ၈ ကြိမ်၊ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု ၁၀ ကြိမ် ပြုလုပ်ခဲ့ပြီး ဒေသခံများ နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုများလည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“မူတြော်ခရိုင်အတွင်းက ဒေသခံများအနေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အလုပ်အကိုင် အခက် အခဲ များအပြင် စားဝတ်နေရေး အခက်အခဲများလည်း ကြုံတွေ့နေရပါတယ်” ဟု ခရိုင်ပြန်ကြားရေးက ပြောသည်။

ထို့အပြင် ယခုနှစ် ဧပြီလအတွင်းက မူတြော်ခရိုင်တွင် နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် များဘက် မှ သေဆုံးသူ ၃၉ ဦးနှင့် ထိခိုက်ဒဏ်ရာ ရသူ ၅၅ ဦး ရှိခဲ့ပြီးအဆိုပါ သေဆုံးသူများထဲ၌ ဒုဗိုလ်မှူးကြီး ၂ ဦး ပါဝင် သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ ဧပြီလအတွင်း စစ်ကောင်စီက အရပ်သားပြည်သူများ ရှိရာသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒါဏ်ရာရသူ ၇ ဦးအထိရှိခဲ့ ကြောင်း သိရသည်။