Home သတင်း ဖားအံ အိန္ဒု-ဇာသပြင် လမ်းဆုံ၌ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးနေ

ဖားအံ အိန္ဒု-ဇာသပြင် လမ်းဆုံ၌ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးနေ

818
Photo: CJ

ဇွန် ၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ အိန္ဒု-ဇာသပြင် လမ်းဆုံ၌ ယနေ့ ဇွန် ၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့စုံပူးပေါင်းအဖွဲ့က လိုင်စင်မဲ့ ယာဉ်နှင့် ဆိုင်ကယ်များကို ဖမ်းဆီးနေသည်ဟု ကျေးရွာတစ်ခုမှ အိန္ဒုသို့ ဈေးလာဝယ်သူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

စစ်ကောင်စီက ဇွန် ၁ ရက်နေ့မှစ၍ ဖားအံတွင် လိုင်စင်မဲ့ ယာဉ်များကို ဖမ်းဆီးနေခြင်းဖြစ်ပြီး စဖမ်းချိန်မှ ၂ ရက် အတွင်း ယာဉ်အစီးရေ ရာကျော်ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။

အပြင် ယနေ့ ဇွန် ၄ ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒု/ဇာသပြင် လမ်းဆုံ၊ ဖားအံ မြို့အဝင် ရွှေကြက်ဖ မီးပွိုင့်နေရာနှင့် လှိုင်းဘွဲ-ဖားအံ လမ်းဂွလမ်းဆုံ နေရာများ၌ စစ်ကောင်စီ ရဲတပ်ဖွဲ့၊ ယာဉ် ထမ်းတပ်ဖွဲ့ များက ကျေးရွာများဘက် မှ ဖားအံ မြို့ဘက်သို့ လာရောက် ကြသည့် လိုင်စင်မဲ့ ကားများ၊ ဆိုင်ကယ်များကို စစ်ဆေးဖမ်းဆီး နေသည် ဟု ဒေသခံများက ပြောဆိုသည်။

ယခုလို ဖမ်းဆီးရာတွင် စစ်ကောင်စီနှင့် ဆက်ဆံရေးရှိသည့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဝင်တချို့ ၏ ကားများ ကိုဖမ်းဆီးချိန် အချင်းများမှုများ ဇွန် ၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ မြို့ခံတစ်ဦးက ယခုလို ပြောသည်။

အဆိုပါ ဖြစ်စဉ်များမှာ ဇွန် ၂ ရက်နေ့တွင် လူစည်ကားရာ လမ်းဂွ လမ်းဆုံ၌ လက်နက်ကိုင်အဖွဲ့အစည်းကားကို ဖမ်းချိန် အချင်းများပြီး အပြန်အလှန်ထိုးကြိတ်မှု ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ဖားအံမြို့သစ် (ကြားအင်းတောင် ကျော်လမ်း)၌ အဖွဲ့အစည်းတစ်ခု၏ မိသားစုဝင်ကားကို ဖမ်းချိန် ကားသော့မပေး၍ ထိုးကြိတ်ဖမ်းချုပ်မှု ဖြစ်ပေါ် ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“အဖွဲ့အစည်း မိသားစုကားကို ဖမ်တားကားသော့မပေးလို့ လူကိုထိုးကြိတ် ဖမ်းချုပ် လက်ထိပ်ခတ်ဖမ်းတယ်၊ အဲ့တာမျိုးတွေ ဖြစ်တယ်။ သေနပ်တွေက အဖွဲ့အစည်းတွေ စစ်တပ်နဲ့ပတ်သက်တဲ့လူတွေကိုင်နေတာ ဆိုတော့ ကားဖမ်းတာ ပစ်ကြရင် ဘေးလူတွေ ထိကြမှာ စိုးရိမ်နေတယ်”ဟု ဖားအံမြို့ခံတစ်ဦးက ပြောသည်။

ကရင်ပြည်နယ် အတွင်း ယခင် နအဖ (ဦးသန်းရွှေခေတ်) ကတည်းက အိမ်နီးချင်း ထိုင်းနိုင်ငံမှ တစ်ပတ်ရစ် ကား၊ ဆိုင်ကယ် များကို ဝယ်ယူကာ အစိုးရဝန်ထမ်းများအပါအဝင် အလွှာစုံ ပြည်သူတို့ သွားလာရေးအတွက် အဓိက အသုံးပြုနေခြင်း ဖြစ်ပြီး ယခုလို ဖမ်းဆီး ခြင်းထက် ဒေသနှင့် ကိုက်ညီသည့် လိုင်စင်တစ်မျိုးမျိုး ပြုလုပ်ပေးရန် ဖားအံမြို့ခံများက ပြောဆိုလျက်ရှိကြောင်း သိရသည်။