ဇွန် ၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)၊ ထိန်းချုပ်နယ်မြေ၊ မြဝတီမြို့ တောင်ဘက်ရှိ သေ့ဘောဘိုး စစ်ကောင်စီ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ ဇွန် ၃ ရက်နေ့ တစ်ရက်တည်း တိုက်ခိုက် သိမ်းယူ ရှင်းလင်းနိုင်ခဲ့သည်ဟု မြေပြင်ရှိ စစ်ရေးသတင်းရင်းမြစ်က အတည်ပြု ပြောသည်။
စစ်ကောင်စီ အင်အား ၁၀၀ ကျော်ခန့်ရှိသည့် သေ့ဘောဘိုးစခန်းကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဇွန် ၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စတင်တိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးကြဲစစ်ကူအများအပြား ပြုလုပ်ခုခံခဲ့သော်လည်း ညနေ ၆ နာရီကျော်ချိန်တွင် စခန်းကုန်းကို အပြီးသိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုလို စခန်းသိမ်းပြီးနောက် စခန်းရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ တပ်စခန်းကုန်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၃၄ လောင်း တွေ့ရှိရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူများ အပါအဝင် ၇၀ ဦးကျော် KNLA၊ ပူးပေါင်းတပ်များထံ လက်နက်ချ အလင်းဝင်ခဲ့သည်။
“အခုက စခန်းသိမ်း ရှင်းလင်းပြီးစီးသွားပါပြီး။ ၇၀ ကျော် အလံဖြူထောင်ပြီး လက်နက်ချတယ်။ စစ်ကောင်စီ လက်နက်တွေက အများကြီးဘဲရတယ်။ ဒါပေမယ့် ပြန်မစုရသေးဘူး။ ပြီးတော့ မနေ့က လေယာဉ်တွေနဲ့ လာပစ် တော့ ရွာထဲမှာက နေအိမ်တစ်လုံးတော့ တော်တာ် ထိခိုက်ပျက်ဆီးသွားတယ်။ ကျန်တာကတော့ နည်းနည်းပါးပါး ထိခိုက်တာ အများကြီးပေါ့” ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စခန်းသိမ်းချိန်တွင် လေယာဉ်နှင့် လက်နက်ကြီးပစ်သည့် တုန်ခါမှုကြောင့် တစ်ဖက်ထိုင်းနိုင်ငံ မော်လီချိုင်းကျေးရွာ ဘက်ရှိ အမျိုးသမီးတစ်ဦး နှလုံးခုန်နှုန်းရပ်တန့်ကာ သေဆုံးသွားပြီး အမျိုးသား တစ်ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိ ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
သေ့ဘောဘိုးနှင့် အနီးဝန်းကျင် ကျေးရွာများရှိ ဒေသခံအများ အပြားစစ်ရှောင်နေရသလို တပ်စခန်းသိမ်းပြီးသွား သော်လည်း စစ်ကောင်စီလေကြောင်းတိုက်လာမည်ကို စိုးရိမ်နေရသည့် အတွက် နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံများက ပြောသည်။
သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် က KNLA/KNDO ပူးပေါင်းတပ်ဖွဲ့တို့က ပထမကြိမ် တိုက်ခိုက်သိမ်းယူ နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်က အင်အားအများအပြားသုံး စစ်ကြောင်းထိုး ပြန်လည် အခြေချခဲ့ကာ စခန်းပြန်လည်မကျစေရေးအတွက် စစ်ကူတပ်အင်အား ၁၀၀ ကျော် ထားရှိသော်လည်း ၉ နာရီ အတွင်း ကရင်တို့ဦးဆောင် တိုက်ခိုက်သိမ်းယူခဲ့ခြင်း ဖြစ်သည်။



















