Home သတင်း ကျုံဒိုးမြို့ပေါ်သို့ ပြန်လာသူများတချို့ ဖမ်းဆီး သတ်ဖြတ်ခံရမှု ဖြစ်ပေါ်နေ

ကျုံဒိုးမြို့ပေါ်သို့ ပြန်လာသူများတချို့ ဖမ်းဆီး သတ်ဖြတ်ခံရမှု ဖြစ်ပေါ်နေ

928
Photo: CJ (ကျုံဒိုး ရှေ့တန်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များ)

ဇွန် ၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်ရေးတင်းမာနေသည့် ကျုံဒိုးမြို့ပေါ်သို့ စစ်ရှောင်ပြီး ပြန်လာသူတချို့ကို မေလကုန်ပိုင်းအတွင်း စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်ခံရမှုများ ဖြစ်ပေါ်နေသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလမှစ၍ ကျုံဒိုးမြို့ပေါ်နှင့် အနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မြို့ခံများ ဘေးလွတ်ရာ သို့ထွက်ပြေး တိမ်းရှောင်နေရပြီး မေလကုန်ပိုင်းတွင် မြို့ပေါ်ပြန်လာသူတချို့ကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ် မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံရမှု ဖြစ်စဉ်များမှာ ပြီးခဲ့သည် မေ ၂၈ ရက်နေ့တွင် ကျုံဒိုးမြို့ခံ စောမျိုးအောင်ထွေး (ခ) ကိုပြူး ဆို သူ လူငယ်တစ်ဦးကို ကျုံဒိုး မီးပုံးကွင်းအနီး၌ စစ်ကောင်စီက ဖမ်းဆီးသွားပြီး ပြန်မလွတ်ဘဲ သတ်ဖြတ်လိုက်သည် ဟု သတင်းထွက်ပေါ်နေသလို မေ ၂၉ ရက်နေ့တွင်လည်း ကျုံဒိုး မြောက်ကရင်စု ရပ်ကွက်သို့ ပြန်လာသူ လူငယ် ၃ ဦး ဖမ်းဆီး ခံရသည်ဟု မြို့ခံ တစ်ဦးက ယခုလို ပြောသည်။

“ကျုံဒိုးက နေအိမ်ပြန်တဲ့သူတွေ မြောက်ကရင်စုက ၃ ယောက်ဖမ်းခံရတယ်၂၉ ရက်က၊ ၂၈ က မြို့ထဲက စောအာင်မျိုးထွေး(ခ)ကိုပြူးဆိုတဲ့ ကောင်လေး မီးပုံကွင်းထိပ်နားမှာ ဖမ်းခံရတယ်။ စကစတပ်က ဖမ်းပြီးနှိပ်စက် တာ သေတယ်။ အလောင်း ပြန်မရသေးဘူး။ ဂျိုင်းဘက်က ကျုံဒိုးပြန်လာတဲ့ သူတွေကိုလည်း ဖုန်းစစ်တယ်။ ဖမ်းတယ် ဒီရက်ထဲ ဖမ်းခံထားရတာ ၅ ယောက်ကျော် ၁၀ ယောက်ဝန်းကျင်လောက် ရှိတယ်” ဟု ၎င်း ဒေသခံ က ပြောသည်။

လက်ရှိ ကျုံဒိုးတွင် မြို့ပေါ်နေရာအများစုကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး မြို့ပြင်နှင့် စစ်ကောင်စီ တပ်စခန်းရှိ သည့်နေရာများကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA ၊ မဟာမိတ် ပူးပေါင်းတပ်များက ပိတ်ဆို့ ထားပြီး နှစ်ဖက်အပြန်အလှန် လက်နက်ကြီး၊ စနိုက်ဘာ တို့ဖြင့် ပစ်ခတ်နေသည်ဟု မြေပြင် စစ်သတင်းရင်းမြစ်က ပြောသည်။

“KNLA ဘက်က ရှော့တိုက်၊ စနိုက်ဘာပစ်တာ ရသေ့ကျောင်းမှာရှိတဲ့ ဗိုလ်ကြီးထိသေတယ်၊ ၂၇ ရက်မှာ ရှော့ခ် တိုက် ထပ်ပစ်တာ ၅၄၅ တပ်မှာ လက်နက်ကြီးဆင်ထားတဲ့နေရာကို ထိတာ၊ ဗိုလ်မှုးတစ်ဦးနဲ့ လက်နက်ကြီးနဲ့ ဒရုန်းတပ်ဖွဲ့က ၅ယောက် သေတယ်။ ၃ ယောက်ဒဏ်ရာ ရတယ်၊၂၉ ရက်မှာ ဒရုန်းနဲ့ချလို့ ၂ ယောက်ဒဏ်ရာရ သွားတယ်” ဟု စစ်ရေး သတင်းအရင်းအမြစ်က ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ထိမ်းချုပ်ထားသည့် ကျုံဒိုးမြို့တွင်း တပ်စွဲနေရာများမှ မြိုပြင် ကျေးရွာများ ဘက်သို့ လက်နက်ကြီးဖြင့် နေ့စဉ် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးကြဲချခြင်းများ နေ့စဉ် လုပ်ဆောင် တိုက်ခိုက်နေသည်ဟု ဒေသခံများထံမှ သိရသည်။