ဇွန်လ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ ဇနီးဖြစ်သူ ပဒိုနော်လားဖိုး (၈၆) နှစ်သည် လူကြီးရောဂါဖြင့် ယနေ့ ဇွန်လ ၁၄ ရက်၊ နံနက် (၄)နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်အစိုးရဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။
သမက်ဖြစ်သူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (၂၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဘူဖောက “ဒီမနက် ၄ နာရီလောက်မှာ မဲဆောက်အစိုးရ ဆေးရုံကြီးမှာ ဆုံးသွားပါတယ်။ အသက် ၈၆ နှစ်ဆိုတော့ လူကြီးရောဂါနဲ့ပဲ ဆုံးသွား တယ်လို့ပဲ ပြောရမယ်။ ခုလောလောဆယ်ကတော့ ဆေးရုံမှာ ပါမှာရှိသေးတယ်။ လတ်တလော နိုင်ငံရေးအခြေအနေကြောင့် ထိုင်းဘက်ခြမ်းမှာပဲ သင်္ဂြိုဟ်ဖို့ ကနဦး စီစဉ်ထားပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် ပဒိုနော်လားဖိုး၏ ကျန်ရှိသည့် ရုပ်အလောင်းအား ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ၎င်းတို့၏ နေအိမ်၌ ပြန်လည်ထားရှိပြီး ဈာပနအခမ်းအနားအတွက် လိုအပ်သည်များကို မိသားစုဝင်များက စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု မိသားစုဝင်ဝင်များထံမှ သိရသည်။
သူမသည် ကရင်အမျိုးသမီးအစည်းအရုံး (KWO) ကို စတင်တည်ထောင်စဥ် ၁၉၈၅ ခုနှစ်တွင် စတင်လုပ် ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ ဆယ်စုနှစ်ကြာ ဥက္ကဋ္ဌရာထူးကို ခြောက်ကြိမ်တိုင်တိုင် ထမ်းဆောင်ခဲ့သည်။ ထို့အပြင် KWO ဥက္ကဋ္ဌ ရာထူးကို ထမ်းဆောင်နေစဥ် KNU အမြဲတမ်းအမှုဆောင်ဗဟိုကော်မတီဝင်အဖြစ် ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။
၎င်းအပြင် ကရင့်တော်လှန်ရေးတွင် ပညာရေး၊ အမျိုးသမီးရေးရာနှင့် နိုင်ငံရေးအခန်းကဏ္ဍများတွင် တာဝန်မျိုးစုံကို ထမ်းဆောင်ခဲ့သူ ပဒိုနော်လားဖိုးသည် ခေါင်းဆောင်ပိုင်း တာဝန်ထမ်းဆောင် နေရစဉ်ကာလတွင်လည်း အစည်းအရုံး၏ ချမှတ်ထားသည့် လမ်းစဉ်အတိုင်း လေးစားလိုက်နာကာ ဦးဆောင်လုပ်ဆောင်နိုင်သူဖြစ်သလိုအလုပ်အတွက် ကြိုးစားလုပ်ဆောင်သူတစ်ဦးလည်း ဖြစ်သည်ဟု လုပ်ဖော်ကိုင်ဖက်များက ပြောသည်။

သူမ ကွယ်လွန်သွားခြင်းသည် မိသားစုမောင်နှမ၊ ဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်အပြင် အမျိုးသားရေး အတွက် လုပ်ဆောင်ရာတွင် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ကြောင်း ပဒိုနော်လားဖိုး သက်ရှိထင်ရှား စဥ်က အတူလက်တွဲခဲ့သူ ကေအိုင်စီ-ကရင်သတင်းဌာန၏ လက်ရှိ အယ်ဒီတာချုပ် နန်းဖော့ဂေက ယခုလို ပြောသည်။
“အဖီး နော်လားဖိုးက သူကအေးဆေးတည်ငြိမ်ပြီးတော့ ရင့်ကျက်တဲ့ ကရင်အမျိုးသမီးခေါင်း ဆောင် တစ်ဦး ဖြစ်တယ်။ သူ့ရဲ့ ခင်ပွန်းဖြစ်တဲ့ တော်လှန်ရေးခေါင်းဆောင်ကိုလည်း ဝန်းရံတည့် မတ်နိုင်တဲ့ အမျိုးသမီးဖြစ်တယ်။ အေးအေးဆေးဆေးနဲ့ အမြင်ကျယ်ကျယ်လည်း ရှိတယ်။ သူ့လို အမျိုးသမီးလိုတွေ ထပ်ပြီးမွေးဖွားလာဖို့ အများကြီးမျှော်လင့်ပါတယ်။ ဒီလိုအတုယူစရာ ကရင်အမျိုး သမီးခေါင်းဆောင်တစ်ဦး ဆုံရှုံးသွားရအပေါ် စိတ်မကောင်းဖြစ်မိတယ်” ဟု ၎င်းက ပြောသည်။
ပဒိုနော်လားဖိုးသည် KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် ၁၉၆၂ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သားသမီး (၇) ဦးထွန်းကားခဲ့သည်။ ကွယ်လွန်ချိန်တွင် သားဖြစ်သူ ကော်သူးလေအာမီ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောနယ်ဒါးဘိုမြနှင့် သမီး ၃ အပြင် မြေး ၂၁ ဦးတို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ခင်ပွန်းဖြစ်သူ KNU ဥက္ကဋ္ဌနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြသည် ၂၀၀၆ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီး သားကြီးဖြစ်သူ KNLA -၂၀၂ တပ်ရင်းမှူးဟောင်း ဒုဗိုလ်မှူးကြီးစောနေကော်ဘိုမြမှာ ၂၀၀၈ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။
ထို့အတူ သားသမီး ၆ ဦးအနက် ၅ ဦးမြောက်သားဖြစ်သူ (KNLA) တပ်ရင်း ၂ဝ၃ တပ်ရင်းမှူး ဒုဗိုလ် မှူးကြီး စောဂေကော်မြမှာ ၂၀၁၈ ခုနှစ်တွင် ကွယ်လွန်ခဲ့သလို အငယ်ဆုံးသား ကရင်ငြိမ်းချမ်း ရေးကောင်စီ (KNU/KNLA-PC)၏ စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ (ခ) တေးလေးလည်း ၂၀၂၁ ခုနှစ်တွင် ကိုဗစ် -၁၉ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။