Home သတင်း မြဝတီတွင် ယာဉ် နှင့် လူ လိုင်စင်စစ် ဒဏ်ငွေရိုက်

မြဝတီတွင် ယာဉ် နှင့် လူ လိုင်စင်စစ် ဒဏ်ငွေရိုက်

837
Photo: CJ

ဇွန် ၂၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်လက်နက်ကိုင်အဖွဲ့များ ကြီးစိုးသည့် မြဝတီမြို့ပေါ်တွင် ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကို စစ်ကောင်စီက ယာဉ် နှင့် လူ လိုင်စင် ရှိမရှိ စစ်ဆေးပြီး ဒဏ်ငွေရိုက်မှုများ ရှိနေသည်ဟု မြို့ခံတို့က ပြောသည်။

ပြည်နယ်စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်များကိုဖမ်းရန် စီမံချက်ချကာ ယခုလအတွင်း လုပ်ဆောင်လျက်ရှိပြီး မြဝတီမြို့တွင်မူ လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးသိမ်းယူခြင်း မလုပ်သော်လည်း ဒဏ်ငွေရိုက် နေခြင်းဖြစ်သည်။

ထိုသို့ လိုင်စင်စစ်ဆေးခြင်းကို မြဝတီမြို့ ဘုရင့်နောင်လမ်းမကြီး၊ အာရှလမ်းမထိပ်၊ မြေနီကုန်းထိပ်၊ ဈေးကုန်း ထိပ် နှင့် ရဲစခန်းရှေ့ ငါးနေရာ၌ အလှည့်ကျ တစ်ရက်စီ ယာဉ်များကို ကညန ဖောင်းကြွစာလုံး ပါမပါနှင့် လူ လိုင်စင် စစ်ဆေးပြီး လိုင်စင်မရှိပါက ကျပ် ၃၀,၀၀၀ မှ ၁၀၀,၀၀၀ ကျပ်ထိ ဒဏ်ရိုက်သည်ဟု မြို့ခံ တစ်ဦးက ယခုလို ပြောသည်။

“လိုင်စင်မဲ့ ဖမ်းတာမဟုတ်ဘူး။ ပြည်နယ်စီမံချက်အရ လုပ်ဆောင်နေတယ်ပေါ့ အထက်ကိုသတင်းပို့ဖို့။ တမြို့လုံး မှာ စကစ ဘာမှလုပ်လို့ မရတာ ကြာပီလေ” ဟု ၎င်းမြို့ခံက ပြောသည်။

ထို့အပြင် ကရင်ပြည်နယ် လှိုင်းဘွဲမြို့ တွင်လည်း ကရင်လက်နက်ကိုင် အဖွဲ့များဖြစ်သည့် BGF၊ DKBA နှင့် ငြိမ်းချမ်းရေးကောင်စီ (PC) တို့ ဝင်ထွက်သွားလာကြီးစိုးသည့်အတွက် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးခြင်း မပြု လုပ်နိုင်သေးသော်လည်း ၎င်းတို့ တပ်စွဲ၊ အခြေစိုက် ရုံးရှေ့ လမ်းမတွင်မှု စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ကေအိုင်စီ သတင်းရင်းမြစ်များက ပြောသည်။

Photo: CJ

သို့သော် ဖားအံတွင်မူ နယ်မှဆေးခန်းပြ၊ ကျောင်းတက်ရန်နှင့် အထွေထွေကိစ္စရပ်အတွက် မြို့ပေါ်သို့ လာသည့် လိုင်စင်မဲ့ ယာဉ်များကို ဖမ်းဆီးသိမ်းဆည်းနေဆဲ ဖြစ်သည်ဟု မြို့ခံများထံမှသိရသည်။

“ဖားအံမှာတော့ ရွာကနေ မြို့ပေါ် ကျောင်းတက်၊ ဈေးဝယ်၊ ဆေးခန်းပြတဲ့ကားတွေ ဖမ်းခံရ၊ သိမ်းခံနေရ တုန်းဘဲ၊ အဖွဲ့အစည်းကား၊ ဘုန်းကြီး ကျောင်းကားတော့ မဖမ်းဘူး” ဟု ဖားအံ-မြဝတီ ယာဉ်မောင်းတစ်ဦးက ပြောသည်။

စစ်ကောင်စီက တစ်နိုင်ငံလုံးတွင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီး သိမ်းယူနေသော်လည်း ထိုင်းမှ တစ်ပတ်ရစ် ကား အဓိက တင်သွင်းသည့် မြို့တွင်ပါဝင်သည့် မြဝတီတွင်မူ ကရင်လက်နက်ကိုင်များ ကြီးစိုးထား၍ ယခုလို ဖမ်းဆီး သိမ်းယူမရ ဖြစ်နေခြင်းဖြစ်သည်ဟု မြို့ခံလုပ်ငန်းရှင်များက သုံးသပ်သည်။

စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်ဖမ်းနေသော်လည်း နိုင်ငံခြားငွေ အထွက်များ၍ ပြည်ပမှ ကားတင်သွင်းခွင့်ကို ကန့်သတ်ထားပြီး ဈေးနှုန်းမြင့် ဘတ္ထရီသုံး EV ကားများကိုမူ တင်သွင်းခွင့်ပြုထားသည်။