ဇွန်လ ၁၃ ရက်၊၂၀၂၅ခုနှစ်။ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာတွင် ဖြစ်ပွားလျက်ရှိသည့် နှစ်ဖက်တိုက်ပွဲများကြောင့် အနီးရှိကျေးရွာ(၃)ရွာမှ ဒေသခံ တစ်ထောင်ထက်မနည်း နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရကြောင်း မြေပြင်စစ်ဘေးရှောင်ကူညီနေသူများ၏ ပြောဆိုချက်အရ သိရသည်။
မင်းဒပ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့်ဇွန်လ(၁၁)ရက်နေ့ နံနက်ခင်းပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲကြောင့် မင်းဒပ်အပါအဝင် အနီးရှိကျေးရွာများမှ ဒေသခံများ နေအိမ်စွန့်ခွာထွက်ပြေးကြရပြီး ရွာလုံးကျွတ်ရှောင်လာသူများအပါအဝင် စစ်ဘေးရှောင် တစ်ထောင်ထက်မနည်းရှိနေသည်ဟု သရက်ချောင်းမြို့နယ်မှ အနီးကပ်စစ်ရှောင်ကူ အမျိုးသားတစ်ဦးက ပြောသည်။
“မင်းဒပ်ရွာတဝိုက်မှာက မကြာခဏတိုက်ပွဲတွေဖြစ်တာမျိုးတွေရှိတယ်။ အဲ့ဒီအတွက် ယာယီစစ်ဘေးရှောင်တွေတိုးလာတာ။ ပြီးခဲ့တဲ့ရက်ကလည်း နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတစ်ထောင်ကျော်လောက်က ရွာလုံးကျွတ်နီးပါးပေါ့ တိုက်ပွဲနဲ့လွတ်နိုင်မယ်ထင်တဲ့ နေရာအများစုကို ရှောင်တိမ်းနေကြရပါတယ်။ စစ်ဘေးရှောင်အရေအတွက် အတိအကျကိုပြောဖို့တော့ ခက်ပါသေးတယ်။”ဟု ကေအိုင်စီကို ပြောသည်။
ပြီးခဲ့သည့် မေလကုန်ပိုင်းကတည်းက မင်းဒပ်ရွာအတွင်း စစ်ကောင်စီတပ်များစစ်ကြောင်းထိုး တပ်စွဲလာသဖြင့် ဘေးလွတ်ရာသို့ ယာယီထွက်ပြေးတိမ်းရှောင်ကြသည့် ရွာခံအချို့ရှိသလို အခြားမြို့ရွာများအထိ တိမ်းရှောင်သွားသူများလည်းရှိကြောင်း ၎င်းစစ်ဘေးရှောင်များကိုကူညီနေသူထံမှ သိရသည်။
ထို့အပြင် ရွာအတွင်း လာရောက်တပ်စွဲထားသောစစ်ကောင်စီက တိုက်ပွဲငြိမ်သက်နေစဥ် နေအိမ်ပြန် စားနပ်ရိက္ခာဝင်ယူသည့် ရွာခံများကို ပစ်ခတ်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း မကြာခဏပြုလုပ်သဖြင့် လူမှုစီးပွားထိခိုက်မှုရှိလာသည်ဟု ဒေသခံများက ပြောသည်။
မြေပြင်အခြေအနေကိုသိသည့် ဒေသခံတစ်ဦးက “တိုက်ပွဲတွေငြိမ်နေလို့ ရွာထဲမှာစားသောက်ဖို့အတွက် ပြန်ယူတာတောင် ပြန်လို့မရဘူး။ ဘာလို့လည်းဆိုတော့ စကစ က တွေ့တာနဲ့ ဖမ်းတယ်။ ပစ်ခံရတာလည်းရှိတယ်။ အဲ့ဒါကြောင့် အလုပ်အကိုင်ကအစ ခက်ခဲလာတယ်။” ဟု ၎င်းက ပြောသည်။
တနင်္သာရီအခြေစိုက် သတင်းမီဒီယာနှင့် ဒေသတွင်းသတင်းအရင်းအမြစ်များ၏ ဖော်ပြပြောဆိုမှုအရ ပြီးခဲ့သည့် မေလကုန်ပိုင်းက မင်းဒပ်ရွာအတွင်း စစ်ကောင်စစ်ကြောင်းဝင်ရောက်စဥ် ဒေသခံ ၁၅ ဦးဝန်းကျင်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။



















