Home သတင်း ဖာပွန်-ကမမောင်း လမ်းပိုင်းရှိ ကတိုင်ထိစခန်းကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်

ဖာပွန်-ကမမောင်း လမ်းပိုင်းရှိ ကတိုင်ထိစခန်းကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်

467

ဇွန်လ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅)၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဖာပွန်-ကမမောင်း လမ်းပိုင်းရှိ KNLA ပူးပေါင်းတပ်၏ သိမ်းယူရှင်းလင်းခံထားရသော ကတိုင်ထိစစ်ကောင်စီ တပ်စခန်းအား ဇွန်လ ၇ ရက်နေ့ တွင် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ကြောင်း တပ်မဟာ(၅) ကေအဲန်ယူဘက်က သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က ကတိုင်ထိစခန်းအတွင်းအပြင် နေရာများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်က သိမ်းယူရှင်းလင်းနိုင်ခဲ့‌သော်လည်း စခန်းအနောက်ဘက်၊ ကရင်နယ်ခြားစောင့်တပ် (BGF – ၁၀၁၃) စခန်း အဟောင်းနေရာသို့ ဆုတ်ခွာပြီး အင်အားစုခုခံနေသော စစ်ကောင်စီနှင့်နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တပ်မဟာ(၅) ကေအဲန်ယူပြောခွင့်ရ စောကလယ်ဒို့က “ဟုတ်တယ်၊ စကစ ဘက်က အင်အားဖြည့်လာတဲ့အပေါ်မှာ ကတိုင်တိစခန်းကိုတော့ သူတို့ပြန်ယူလို့ရပြီ၊ ပြန်ထိုင်နေပြီ” ဟု ဇွန်လ (၁၁) ရက်နေ့ကတည်းက ကေအိုင်စီကို အတည်ပြုပြောသည်။

စခန်း ပြန်လည်ထိန်းချုပ်နိုင်ရန် ‌စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ- ၄၀၄)မှ အင်အား အများအပြားဖြင့် ထိုးစစ်ဆင်မှုများ အဆက်မပြတ် လုပ်ဆောင်ခဲ့သလို BGF အကူအညီဖြင့် ဇန်နဝါရီ လကုန်ပိုင်းမှ ဇွန်လ အစောပိုင်းအတွင်း လေးလကြာကာလ၌ ပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

“ဟုတ်တယ်။ သူတို့(စစ်ကောင်စီ)ဘက်က တက်လာတာ မကြာသေးဘူး။ ရှေ့ ၉ ရက်(ဇွန်လ၉ရက်) လောက်မှာပဲ ရှိသေးတယ်။ တက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်လောက် ရှိတယ်။ BGF ကူညီပေး လမ်းပြလုပ်ပေးတာတွေ ရှိတယ်” ဟု တပ်မဟာ(၅)KNLA ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂီနွီးကလည်း ပြောသည်။

ကတိုင်တိ စခန်းကို ပြန်လည်အခြေချပြီးနောက် စစ်ကောင်စီက လက်ရှိ စခန်းဧရိယာအပြင် ရွာအတွင်း ဆေးရုံနေရာများတွင်လည်း အထိုင်ချ တပ်စွဲထားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်က ဆိုသည်။

စစ်ကောင်စီသည် ပူးပေါင်းတပ်များထံ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် စခန်းအား ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းနေသည့်ကာလတွင် ကမမောင်းမြို့ဘက်မှတဆင့် စစ်ကြောင်းထိုးစစ်ဆင်မှုများ၊ လေကြောင်းဖြင့် ခဲယမ်း၊ ရိက္ခာများ ပို့ဆောင်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းများလည်း လုပ်ဆောင်ခဲ့သေးသည်။

ထို့အပြင် ပြီးခဲ့သည့် ကတိုင်ထိတိုက်ပွဲကြောင့် ကတိုင်တိရွာအပြင် ကိုင်းတော၊ နိုဖောထီး၊ ဘောကျိုလယ်၊ ဘောကျိုထ၊ ထီးသဲလေ စသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ဒေသခံများ ကမမောင်းနှင့် မြိုင်ကြီးငူဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း ကတိုင်တိစစ်ရှောင်ပြည်သူများ၏ပြောပြချက်အရ သိရသည်။