စံချိန်တင်ဈေးနှုန်းဖြင့် ရောင်း၊ ဝယ်သွက် ဖား အံအိမ်၊ ခြံ၊ မြေဈေးကွက်
(ဇွန် ၂၀ ၊ ၂၀၂၅ ခုနှစ်) ကေအိုင်စီ
ကရင်ပြည်နယ်နှင့် ပတ်သက်လျှင် အများပြည်သူတို့အနေဖြင့် ယခုနှစ်အတွင်း တိုက်ပွဲများနှင့် အတူ စခန်းသိမ်းသတင်းများ လွှမ်းမိုးနေသော်လည်း အခြား စီးပွားရေးနယ်ပယ်တွင်လည်း ထူးခြားမှုများ ရှိနေသေးသည်။
မြို့တော် ဖားအံသို့ စစ်ဖြစ်နေသည့် အခြားမြို့များမှ စစ်ရှောင်များ ရွှေ့ပြောင်းနေထိုင် အခြေချမှု များနှင့် အတူ ဖားအံမြို့ အိမ်၊ ခြံ၊ မြေ ဈေးကွက် တစ်နှစ်ပတ်လုံး စံချိန်တင်ဈေးနှုန်းများဖြင့် အရောင်းအဝယ် ကောင်းနေသည်ဟု အကျိုးဆောင်အသိုင်းအဝိုင်းက တညီတညွတ်တည်း ပြောဆိုသည်။
ထိုနည်းတူ ဖားအံအခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းများဖြစ်သည့် “ပြည့်ဖြိုး အိမ်ခြံမြေ” ဖေ့ဘုတ်ခ် လူမှုကွန်ရက်စာမျက်နှာတွင်သော်လည်းကောင်း၊ အခြားသော အကျိုးဆောင်လုပ်ငန်းများ၏ ဖေ့ဘုတ်ခ်လူမှုကွန်ရက်စာမျက်နှာများ၌ ရောင်းထွက်သွားသည့် အိမ်၊ ခြံ၊ မြေ များကို (Sold Out) ဟု မကြာခဏ ဖော်ပြထားသည်ကို လေ့လာတွေ့ရှိ နိုင်သည်။
ထိုသို့ အရောင်းအဝယ်ကောင်းနေခြင်းသည် ဖားအံတွင် အတိုင်းအတာတစ်ခုထိ အေးအေးချမ်းချမ်း နေ ထိုင်သွား လာနိုင်ခြင်း၊ စစ်ရိပ်သန်းပြီး စစ်ပွဲများ ကူးစက်လာမည့် အခြေအနေမရှိသေးခြင်း၊ ထိုင်း-မြန်မာ အဓိကကုန်သွယ် ရေးလမ်းကြောင်းပေါ်၌ တည်ရှိခြင်းနှင့် သဘာဝအလှအပတို့ကြောင့် ခရီးသွား လုပ်ငန်း ခေတ်စားနေခြင်း စသည့်အချက်များကြောင့်ဖြစ်သည်ဟု ဈေးကွက်ကျွမ်းကျင်သူတို့က သုံးသပ်ပြော သည်။
လက်ရှိ ကရင်ပြည်နယ်အတွင်း ကော့ကရိတ်၊ မြဝတီ၊ ကျုံဒိုး စသည့် မြို့များ၌ တိုက်ပွဲများ ဖြစ်ပွားနေပြီး ဖားအံမြို့သို့ စစ်ရှောင်ပြောင်းရွှေ့အခြေချမှုများလည်း ဖြစ်ပေါ်နေသလို မြို့ ၃ မြို့စာခန့် ဝယ်လိုအား မြင့်တက်နေသည်ဟု အကျိုးဆောင်အသိုင်းအဝိုင်းက ဆိုသည်။
“အဝယ်တွေက တအားဆင်းတော့လေ၊ အဓိကကတော့ လူနေအိမ်တွေကို ပြောရမယ်ဆိုရင် ဖားအံမှာက မြို့ ၃ မြို့ စာလောက် လူနေထူထပ်လာတယ်။ အနီးအနားက စစ်ဘေးရှောင်တွေက များလာတော့လေ” ဟု မြို့ခံ ဝါရင့်အကျိုးဆောင်တစ်ဦးက ပြောသည်။
ဖားအံမြို့ အိမ်ခြံမြေဈေးကွက်သည် စစ်တပ်အာဏာသိမ်းပြီးနောက် အထွေထွေစီးပွားရေး ကျဆင်းကာ ငွေဖောင်းပွမှု မြင့်တက်လာသည့် ၂၀၂၃ ခုနှစ်၊ ဇွန်လမှ စ၍ ဩဂုတ်လအထိ အရောင်းအဝယ်ကောင်းခဲ့ ပြီးနောက် နိုင်ငံရေးအခြေအနေကြောင့် အောက်တိုဘာလတွင် ဈေးကွက်အေးသွားခဲ့သည်။ ထို့နောက် ၂၀၂၄ ခုနှစ် မေလတွင် အရောင်းအဝယ် ပြန်ကောင်းခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။
ထိုကာလအတွင်း ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ဖားအံမြို့လယ်၊ အမှတ် ၉ ရပ်ကွက်၊ ဗိုလ်ချုပ် လမ်းမကြီးပေါ်ရှိ မြေကွက်တစ်ကွက်ကို ကျပ်သိန်းပေါင်း တစ်သောင်း (၁၀,၀၀၀ သိန်း) ဖြင့် စံချိန် တင်အရောင်းအဝယ်ဖြစ်ခဲ့ ဖူးသလို ၂၀၂၅ ခုနှစ်အတွင်း ဖားအံလမ်းဂွအကျော် ရေကျော်၌ မြေတစ်ကွက်ကို သိန်းပေါင်း ၁၂,၅၀၀ သိန်းဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သည်ဟု အကျိုးဆောင် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။
ထို့အပြင် လွန်ခဲ့သည့် နှစ်လခန့်က ဗိုလ်ချုပ်လမ်းမပေါ်၌ မြေကွက်တစ်ခုကို ကျပ်သိန်းပေါင်း ၂၃,၀၀၀ သိန်းဖြင့် စံချိန်တင်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု လုပ်ငန်းရှင် အသိုင်းအဝိုင်း၌ သတင်း ထွက်ပေါ်ခဲ့သေးသည်။ သို့သော် ယခုလို စံချိန်တင်အရောင်းအဝယ် ဖြစ်ခဲ့ခြင်းနှင့် ပတ်သက်၍ အတည်ပြုပေးရန် အကျိုးဆောင်များက လက်ရှောင်နေခဲ့ပြီး သီးခြားအတည်ပြုမရဖြစ်နေသည်။
ယခုလို ဝယ်လိုအား မြင့်တက်နေခြင်း၊ ကျပ်ငွေ တန်ဖိုး ကျဆင်းလာခြင်းတို့နှင့်အတူ ဖားအံမြို့ အိမ်၊ ခြံ၊ မြေဈေးနှုန်းများသည်လည်း ဆတိုး မြင့်တက်လာသည်ဟု ဖားအံမြို့ခံ အကျိုးဆောင်များက ပြောဆိုသည်။
ယခင် ၂၀၂၁ ခုနှစ်တွင် လှကမြင် ကွက်သစ်၌ ပေ ၈၀၊ ပေ ၆၀ တစ်ကွက်ကို ကျပ် သိန်း ၁၅၀ ဝန်းကျင် သာ ဈေး ပေါက်ခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ်တွင်မူ ထိုသို့ အကျယ်အဝန်းရှိသည့် မြေတစ်ကွက်လျှင် သိန်း ၅၀၀ ထိ ဈေးတက်သွားပြီး ယခု ၂၀၂၅ ခုနှစ်တွင်မှု ကျပ်သိန်း ၁,၁၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သည့်အတွက် ဆတိုး ခုန်တက် သွားသည်ကို တွေ့ရသည်။
“၂၀၂၃ ခုနှစ်မှာ ရေကျော်က မြေနဲ့ အိမ်ကို သိန်း ၄၈၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ အဲ့ဒီနား မလှမ်း မကမ်းက အိမ်နဲ့ခြံကို အခု ၂၀၂၅ ခုနှစ်ထဲမှာ သိန်း ၁၂,၅၀၀ နဲ့ ဖြစ်သွားတယ်ဆိုတော့ တစ်နှစ်မှာ ၄၀ ရာခိုင်နှုန်းလောက် တက်နေတယ်။ မြေဈေးက အဲ့လိုမျိုးဖြစ်နေတယ်” ဟု ဝါရင့် အကျိုးဆောင်တစ်ဦးက ပြောသည်။
ယခုလို ဆတိုးနှုန်းဈေးတက်သွားရခြင်းသည် ငွေကြေးဖောင်းပွမှု တစ်ခုတည်းကြောင့် မဟုတ်ဘဲ စစ်ရှောင် ပြောင်းရွှေ့နေထိုင်သူများလာပြီး ဝယ်လိုအားများလာ၍ ဖြစ်သလို ပြန်အသုံးချ၍ရသည့် (စီးပွားရေးလုပ်နိုင်သည့်) အိမ်၊ ခြံ များ ပို၍ ဈေးနှုန်းတက်လာသည်ဟု သိရသည်။
ထို့အပြင် လက်ရှိ ဖားအံမြို့၌ ကုန်စည်ကားများ ကုန်ပစ္စည်းဖလှယ်သည့် ကုန်တင်ကားဝန်း မရှိသေးသည့်အတွက် ဖားအံမြို့မှ ကျုံဒိုး၊ ကော့ကရိတ်ဘက်အထွက် ကော့ကသောင်၊ အုန်းတပင် စသည့် အာရှလမ်းမဘေး ရွာမြေများလည်း ကုန်တင်ယာဉ်များ ရပ်နား၊ ကုန်ဖလှယ်ရန် ခြံကွက်ကျယ်များရှာဖွေ ဝယ်ယူမှုများလည်း ရှိနေသည်ဟု သိရသည်။
“ကော့ကသောင်တို့ဆို ခြံတွေက ဟိုးအနောက်ကို ပေ ၄၀၀ ကျော်ထိ ရှည်တဲ့ခြံတွေဆို အခု အရောင်း အဝယ် တအားလိုက်တယ်။ အခုအနေအထားက ကားကြီးတွေ ကုန်ကားသမားတွေ မျက်စိကျရာ အရောင်းတော်တော် သွက်တယ်လို့ အဓိက လက်ရှိတော့ ကုန်စည် စီးဆင်းရာ လမ်းပေါ်ရှိတော့ အရောင်းအဝယ်တောက်လျှောက်ရှိတယ်” ဟု ၎င်း ရွာမြေများကို အရောင်းအဝယ် အကျိုးဆောင်ပေးနေသူတစ်ဦး ပြောသည်။
ဖားအံတွင် ယခုလို အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်ကောင်းနေသော်လည်း အနီးရှိ သထုံ၊ ကျိုက်ထို၊ ဘီးလင်းစသည့် မြို့များတွင်မှု အရောင်းအဝယ်နည်းပြီး ဈေးနှုန်းများ သိသိသာသာ ဈေးတက်လာခြင်းမျိုးမရှိကြောင်း ဒေသခံတို့က ပြောသည်။
ထို့အပြင် အငှားဈေးကွက်တွင်လည်း သာမန် တိုက်ခန်းတွဲ အငှားဈေးနှုန်းမှာ တစ်လကျပ် သုံးသိန်း ဝန်းကျင်ထိ ရှိနေပြီး ခြံဝန်းပါ လုံးချင်းအိမ် အငှားမရှိသလောက် ဖြစ်နေသည်ဟု အကျိုးဆောင်များက ပြောသည်။
“အခုချိန်မှာ ဘယ်လောက်သုံးပြီး မြေလာငှားမယ်ဆိုရင်လည်း ကျနော်တို့မှာ ပြပေးလို့မနိုင်ဘူးဖြစ်နေတယ်။ လုံးဝ ငှားတဲ့သူ မရှိတော့ဘူး။ ပြည့် နေတာပေါ့” ဟု အကျိုးဆောင်တစ်ဦးက ရှင်းပြသည်။
ဖားအံသို့ ပြည်နယ်အတွင်းရှိ တခြားမြို့များမှ စစ်ရှောင်များ ပြောင်းရွှေ့အခြေချမှုများရှိသည့်အပြင် ပြည်နယ်ပြင်ပစစ်ကိုင်းနှင့် ဗန်မော်မြို့များက ပြောင်းရွှေ့အခြေချရန် အိမ်၊ ခြံ၊ မြေ လာရောက်ရှာဖွေမှုများ ရှိနေသည်ဟု မြို့ခံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
သဘာဝ တောတောင် အလှအပကြောင့် ဖားအံသို့ ခရီးသွားများလာသည့်အပေါ် ဟိုတယ်လုပ်ငန်း ရင်းနှီးမြှုပ်နှံရန် ရန်ကုန်က လုပ်ငန်းရှင်တစ်ချို့ ဟိုတယ်များဝယ်ယူရန် လာရောက်မေးမြန်း စုံစမ်းမှုများလည်း ရှိနေသည်ဟု မြို့ခံ လုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရသည်။
“လောလောဆယ် လက်ရှိအနေအထားမှာ ကျနော်တို့ ဖားအံက သွားလို့၊ လာလို့၊ စားလို့ ရတဲ့ အနေအထား တစ်ခုထိကတော့ Safe ဖြစ်တယ်လို့ ခံစားရတယ်။ အဲ့တာကြောင့် ဖားအံ အိမ် ခြံ မြေဈေးက လက်ရှိ အခြေအနေမှာ (စစ်ဖြစ်နေရင်တော့) တက်ရိပ်တော့ သန်းနေမှာပဲ” ဟု မြို့ခံ လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။
စင်စစ် ဖားအံမြို့ပေါ်သို့ စစ်ပွဲများ ကူးစက်လာခြင်း လက်ရှိအချိန်ထိ မရှိသေးသော်လည်း ဖားအံမြို့နယ် ကျေးရွာ တချို့ကို ကရင်လက်နက်ကိုင် အဖွဲ့များက လွှမ်းမိုး ထိန်းချုပ်နိုင်ပြီး ဖြစ်သည်။ ၂၀၂၄ ခုနှစ် စစ်ကောင်စီ သန်းခေါင် စာရင်းအရ ဖားအံမြို့နယ် တစ်ခုလုံး စုစုပေါင်းလူဦးရေ စုစုပေါင်း ၄၆၇,၆၃၀ ဦးရှိသည်ဟု ဆိုသည်။
ထိုထဲတွင် စာရင်းကောက်၍ ရသည့် စုစုပေါင်း လူဦးရေသည် ၃၄၁,၈၀၃ ဦး ဖြစ်ပြီး စစ်ကောင်စီ မထိန်းချုပ်နိုင်၍ စာရင်း ကောက်မရသည့်ရွာများမှ ခန့်မှန်းလူဦးရေ စုစုပေါင်း ၁၂၅,၈၂၇ ဦးရှိသည်ဟု ဆိုသည်။ ထို့ကြောင့် ဖားအံ မြို့နယ် တစ်ခုလုံး၏ သုံးပုံတစ်ပုံခန့်ရှိ လူဦးရေသည် စစ်ကောင်စီထိန်းချုပ်မှု အောက်တွင်မရှိသည်မှာ ထင်ရှားသည်။
ပြည်နယ်အတွင်း လက်ရှိ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ခက်ခဲနေပြီး၊ လိုင်စင်မဲ့ ယာဉ်နှင့် ကုန် များကို စစ်ကောင်စီက ဖမ်းဆီးမှုများ၊ ရွှေဈေး၊ ဒေါ်လာဈေးတက်နေပြီး မရေရာမသေချာသည့် စီးပွားရေးအခြေအနေများ ဖြစ်ပေါ်နေသော်လည်း ဖားအံမြို့ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာမူ ယခု ၂၀၂၅ ခုနှစ်ကုန်ပိုင်းအထိ အရောင်းအဝယ်ကောင်းနေမည်ဟု အကျိုးဆောင်တို့က မှတ်ချက်ပြုထားလေသည်။