Home Facts Checking News စစ်မှုထမ်းရန် အမျိုးသမီး စာရင်းကောက်ခံမှု သတင်းအမှားသာဖြစ်ဟု စစ်တပ်လော်ဘီများ ဝါဒဖြန့်နေ

စစ်မှုထမ်းရန် အမျိုးသမီး စာရင်းကောက်ခံမှု သတင်းအမှားသာဖြစ်ဟု စစ်တပ်လော်ဘီများ ဝါဒဖြန့်နေ

335

စစ်မှုထမ်းရန် အမျိုးသမီး စာရင်းကောက်ခံမှု သတင်းအမှားသာဖြစ်ဟု စစ်တပ်လော်ဘီများ ဝါဒဖြန့်နေ

June 20, 2025 By Myanmar Pressphoto Agency+Karen Information Center- The Red Flag

အာဏာသိမ်း စစ်ကောင်စီအတွက် စစ်မှုထမ်းရန် အမျိုးသမီးစာရင်းကောက်ခံမှုသည် သတင်းအမှားသာ ဖြစ်ကြောင်း စစ်ကောင်စီတပ် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖြန့်ဝေလျက်ရှိသည်။

သတင်းအချက်အလက်စစ်ဆေးရေးအဖွဲ့ အယောင်ဆောင် စစ်ကောင်စီဝါဒဖြန့် “Fact Check” တယ်လီဂရမ် ချန်နယ်က ၂၀၂၅ ခုနှစ် ဇွန် ၁၇ရက် မွန်းလွဲပိုင်းတွင် “စစ်မှုထမ်းအပတ်စဉ် ၁၅ အတွက် အသက်ပြည့်ပြီး အမျိုး သမီးတွေ ကို ဆင့်ခေါ်နေတယ်ဆိုတာ မသမာသူတစ်စုရဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလ သတင်းအမှားဖြစ် ပါတယ်”ဟု (မူရင်းရေးသားချက်အတိုင်း) ဖြန့်ဝေထားသည်။
မူရင်း သတင်းအမှားလင့်ခ် – https://archive.ph/DMI1l

အဆိုပါ အကြောင်းအရာကို အခြားစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များစွာက ကူးယူဖော်ပြခဲ့ကြသဖြင့် ပျံ့နှံ့မှုနှုန်း များပြားလျက်ရှိသည်။

သတင်းအမှား Archive လင့်ခ်များ
Snow Queen – https://archive.ph/wip/ZPckQ
မှိုင်းဝေ – https://archive.ph/wip/qWoCS
ဘညွှန့် – https://archive.ph/wip/25Fay

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA နှင့် KIC သတင်းဌာနတို့ ပူးပေါင်းပြီး အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှား ဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိရသည်။

သက်သေပြစိစစ်ချက်
Google တွင် “စစ်မှုထမ်း အမျိုးသမီး စာရင်းကောက်ယူမှု” ဆိုသည့် စာသားဖြင့် ရှာဖွေရာ မြို့တော်သတင်း မီဒီယာတွင် အသက်ပြည့်ပြီးသော အမျိုးသမီးများကို စစ်မှုထမ်းအပတ်စဉ် ၁၅အတွက် စစ်ကောင်စီက ဆင့်ခေါ်စာပေးပို့လျက်ရှိ ကြောင်း ၂၀၂၅ ဇွန် ၁၇ရက်က ရုပ်သံသတင်းဖော်ပြထားသည်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင် အသက် ၁၈နှစ်ပြည့်ပြီးသော အမျိုးသမီးများကို ၂၀၂၅ ဇွန် ၁၄ရက်မှ စတင် ကာ စာရင်းကောက်ယူနေပြီး၊ အချို့အား ဇွန်လကုန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်ရန် ဆင့်ခေါ်ထား ကြောင်း အပတ်စဉ် ၁၅မှ စတင်ကာ အမျိုးသမီးများကို စစ်မှုထမ်းခိုင်းရန် ကောက်ယူခြင်း ဖြစ်နိုင်ကြောင်း၊ စစ် ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အမျိုးသမီးများကို စစ်မှုထမ်းဆင့်ခေါ် ရန် အစီအစဉ်မ ရှိသေးကြောင်း ပြောဆိုထားသော်လည်း ပြင်ဦးလွင်ရှိ မြို့ပေါ်ရပ်ကွက်များတွင် ဆင့်ခေါ်စာများ ရောက်ရှိနေ ကြောင်း ဒေသခံများကို မေးမြန်း၍ မြို့တော်သတင်းဌာနက သတင်းတင်ဆက်ထားသည်။
သတင်းလင့်ခ် – https://shorturl.at/1axJt

၂၀၂၅ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလကတည်းက အမျိုးသမီးများကို စစ်မှုထမ်းဆောင်ရန် စစ်ကောင်စီမှ စာရင်းကောက်ယူမှု များရှိပြီးဖြစ်ကြောင်း သတင်းလုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်နေသည့် သတင်းမီဒီယာများက ဖော်ပြထားကြသည်။

၂၀၂၅ ဇန်နဝါရီ ၂၉ရက်က Irrawaddy Burmese သတင်းတွင် အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ အတွက် စစ်မှုထမ်းဥပေဒအရ အကျုံးဝင်သည့် အမျိုးသမီးစာရင်းကို ရန်ကုန် တိုင်း အတွင်းရှိ မြို့နယ်များ၌ စစ်ကောင်စီက ကောက်ယူရန် လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။ သတင်းလင့်ခ် – https://shorturl.at/EhlHC

ဇန်နဝါရီ ၂၈ရက် BBC ရုပ်သံသတင်းတွင် စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီး တစ်နှစ်အကြာ အမျိုးသမီး စစ်မှုထမ်း စာရင်းကို စစ်ကောင်စီက စတင်ကောက်ယူလျက်ရှိကြောင်း၊ ရန်ကုန်မြို့ သာကေတ၊ ဒေါပုံ၊ သင်္ဃန်းကျွန်း၊ တာမွေ နှင့် မြို့နယ်အများစုတွင် အသက် ၁၈ မှ ၂၇ နှစ်အတွင်းရှိ အမျိုးသမီးများကို စာရင်းကောက်ယူနေပြီး စစ်မှုထမ်းဥပဒေတွင် အိမ်ထောင်သည် အမျိုးသမီးများ ကင်းလွတ်ခွင့်ရကြောင်း ပါရှိသော် လည်း မြေပြင်တွင် အုပ်ချုပ်ရေးမှူးများက အိမ်ထောင်သည်အမျိုးသမီးများကို စာရင်းထည့်သွင်း ကောက်ခံမှုရှိကြောင်း ဖော်ပြထားသည်။ သတင်းလင့်ခ် – https://shorturl.at/7fzo5

ဇန်နဝါရီ ၂၈ နေ့က RFA ၏ ရုပ်သံသတင်းအစီအစဉ်တွင်လည်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် စစ်မှုထမ်းစာရင်းအကျုံးဝင်သည့် အမျိုးသမီးများစာရင်းကို ကောက်ယူခဲ့သည်ဟု ‌မိသားစုနီးစပ်သူများ၏ပြောပြချက်ကို ကိုးကားပြီး သတင်းဖော်ပြခဲ့သည်။ သတင်းလင့်ခ် – https://shorturl.at/nBl4u
ဖော်ပြပါ မီဒီယာများမှ အမျိုးသမီးစစ်မှုထမ်းစာရင်းကောက်ခံမှုနှင့်ပတ်သက်ပြီး သတင်းအသီးသီးဖော်ပြခဲ့သော်လည်း စစ်ကောင်စီဘက်ကမူ မဟုတ်မမှန်ကြောင်း ၎င်းတို့ထိန်းချုပ်ထားသည့်မီဒီယာများမှ ဖေဖော်ဝါရီလအတွင်း အလားတူ သတင်းတင်ပြချက် အမှားထုတ်ခဲ့သေးသည်။

သုံးသပ်ချက်
‌စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး ၂၀၂၄ ခုနှစ် ဧပြီလပိုင်းမှစတင်၍ စစ်မှုထမ်းအပတ်စဉ်(၁) သင်တန်းကို ခေါ်ယူဖွင့်လှစ်ခဲ့ရာ ယခု ၂၀၂၅ ခုနှစ် ဇွန်လ အထိ ဆိုလျှင် အပတ်စဉ် (၁၄) အထိ ရောက်ရှိခဲ့ပြီးဖြစ်သည်။

စစ်ကောင်စီဘက်က အမျိုးသမီးစစ်မှုထမ်းမ‌ခေါ်ယူကြောင်း၊ အတိအလင်းပြောဆိုထားသော်လည်း လက်တွေ့တွင် ဇန်နဝါရီလကတည်းက ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းအတွင်း စစ်မှုထမ်းအမျိုးသမီးစာရင်း ကောက်ယူနေကြောင်း ဖော်ပြပါ စိစစ်ချက်များအရ သိရသည်။

ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေနေသော “စစ်မှုထမ်းရန် အမျိုးသမီးစာရင်း ကောက်ခံမှု သတင်းအမှားသာဖြစ်”ဟု ဖြန့်ဝေနေသော အကြောင်းအရာသည် ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ထား သော သတင်းအမှားဖြစ်ကြောင်း သုံးသပ်ရသည်။

ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #MPA #FactCheck #Mis_Disinformation #စစ်မှုထမ်း #အမျိုးသမီး #စစ်တပ်လော်ဘီ