Home သတင်း ငါးရံ့နီတပ်စခန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထိုင်းဘက်ထွက်ပြေး (Update)

ငါးရံ့နီတပ်စခန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထိုင်းဘက်ထွက်ပြေး (Update)

211
Photo: Social Media

ဇွန်လ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)နယ်မြေ ထိုင်း-မြန်မာနယ်နိမိတ်၊ ထီးခီးနယ်စပ်တွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ၏ ညပလာခီး (ငါးရံ့နီ)တပ်စခန်းအတွင်း တပ်ဖွဲ့ဝင်များအားလုံး ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့က ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားကြကြောင်း တပ်မဟာ(၄) ကေအဲန်ယူသတင်းအရင်းအမြစ်မှ သိရသည်။

ထိုင်း-မြန်မာနယ်စပ် စစ်တပ်စခန်းများကို ဆက်တိုက်သိမ်းယူထားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်၏အင်အားကြောင့် ငါးရံ့နီစခန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြခြင်းဖြစ်သည်ဟု တပ်မဟာ(၄) ကေအဲန်ယူ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ဗောဓိစခန်းကျပြီးနောက်မှာ ငါးရံ့နီစခန်းဘက်လှည့်ဖို့ လုပ်နေတုန်းမှာပဲ ကျနော်တို့ သိလိုက်ရတာက သူတို့ထိုင်းဘက်ထွက်ပြေးကုန်ပြီ။ ကေအဲန်ယူက သူတို့ကိုလာတိုက်မှာကိုလည်း ကြိုသိနေတဲ့သဘောပေါ့နော်။ ကျနော်တို့ လူတွေမရာက်သေးဘူး။ အဲမှာရောက်ရှိနေတဲ့ KTLA ကော်လာဖိုး (အယ်ခွီး) တို့က သူတို့စခန်းကို တက်ရှင်းပြီးကျည်အချို့ရရှိတာတွေ့ရတယ်။”ဟု အဆိုပါ ကေအဲန်ယူ တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ တပ်မဟာ(၄) ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာကလည်း တိုက်ပွဲဖြစ်ပွားပါက ငါးရံ့နီစခန်းအား စစ်ကောင်စီဘက်မှ စစ်ကူမပေးနိုင်သလို ခုခံနိုင်စွမ်းလည်းမရှိသောကြောင့် KNLA က မတိုက်ခင် ယခုလိုစခန်းစွန့်ခွာထားကြခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုမရှိသေးဟု ဇွန်လ ၁၂ ရက်နေ့က ဒေသသတင်းမီဒီယာများကို ဖြေကြားထားသည်။

Photo: Social Media

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က စစ်ကောင်စီ၏ခြေလျင်တပ်ရင်း ခလရ-၂၅ တပ်ဖွဲ့ဝင် အင်အား ၆၀ ကျော်ဖြင့် တပ်စွဲထားသော အီးသာခေ(ဗောဓိ)စခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နယ်စပ်တစ်ကြောတွင် ဗောဓိစခန်းနှင့်အနီးဆုံး ငါးရံ့နီစခန်းတစ်ခုသာ ကျန်ရှိတော့သည်။

ပွိုင့် ၂၅၆၆ (ခေါ်) ဗောဓိစခန်းကို KNLA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်နှင့်တကွစခန်းမှစွန့်ခွာခဲ့ပြီး တပ်ဖွဲ့ဝင် ၃၀ နီးပါး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ(၄)ထံမှ သိရသည်။

ထီးခီးနယ်စပ်တွင်ရှိနေသည့် စစ်ကောင်စီ၏ထီးထာဗျူဟာကုန်းစခန်း၊ ထီးခီးစခန်းတို့ကိုလည်း KNLA ပူးပေါင်းတပ်က ပြီးခဲ့သည့် ဧပြီနှင့်မေလအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။ ယခုငါးရံ့နီစခန်းကို သိမ်းပြီးပါက ထိုင်း-မြန်မာ ထီးခီးနယ်စပ်တကြောတွင် စစ်တပ်စခန်းအားလုံးကင်းစင်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းv လုပ်ကိုင်နိုင်မှုအပြင် စစ်ဘေးရှောင်များ လုံခြုံစွာနေရပ်ပြန်နေရေးအတွက်ပါ ကေအဲန်ယူအနေဖြင့် စီမံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။