Home Facts Checking News ကော့ကရိတ်မြို့နယ် ပိုင်ရပ်ရွာက စာသင်ကျောင်းဗုံးကြဲခံရသည့်ဖြစ်စဥ်မှာ လုပ်ကြံဖန်တီးထားသယောင် စစ်ကောင်စီဝါဒဖြန့်

ကော့ကရိတ်မြို့နယ် ပိုင်ရပ်ရွာက စာသင်ကျောင်းဗုံးကြဲခံရသည့်ဖြစ်စဥ်မှာ လုပ်ကြံဖန်တီးထားသယောင် စစ်ကောင်စီဝါဒဖြန့်

492

ကော့ကရိတ်မြို့နယ် ပိုင်ရပ်ရွာက စာသင်ကျောင်းဗုံးကြဲခံရသည့်ဖြစ်စဥ်မှာ လုပ်ကြံဖန်တီးထားသယောင် စစ်ကောင်စီဝါဒဖြန့်

ဇွန်လ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။

KIC, The Red Flag, MFCN

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ရွာက စာသင်ကျောင်းကို ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က စစ်ကောင်စီမှ လေကြောင်းအသုံးပြုတိုက်ခိုက်သဖြင့် စာသင်နေသည့်ကလေးငယ် (၃)ဦးအပါအဝင် အများအပြား ထိခိုက်သေဆုံးရသည့် ဖြစ်စဥ်မှာ လုပ်ကြံဖန်တီးထားသယောင် အချက်အလက်စစ်ဆေးပေးသည့် ချန်နယ်အမည်ခံ စစ်ကောင်စီတယ်လီဂရမ်များမှ ဝါဒဖြန့်ချိနေကြသည်။

Fact Check အမည်ခံ Subscribers ၂ သောင်းနီးပါးရှိ တယ်လီဂရမ်ချန်နယ်က အဆိုပါဖြန့်ဝေမှုကို ဇွန်လ ၁၀ ရက်နေ့ မနက် ၉ နာရီ ၂၅ မိနစ်တွင် ပုံ(၇)ပုံနှင့်အတူတွဲ၍ ဖော်ပြခဲ့ပြီး ကြည့်ရှုသူ ၅ သောင်းနီးပါးရှိသည်။ ပို့စ်လင့်ခ် – https://archive.ph/hL3SS

၎င်းဝါဒဖြန့်ပို့စ်များကိုလည်း Subscriber ၂ သိန်းဝန်းကျင်၊ ၁ သိန်းနီးပါးရှိနေသည့် စစ်ကောင်စီ၏နာမည်ကြီး ဝါဒဖြန့်ချန်နယ်များဖြစ်သော မှိုင်းဝေနှင့် Snow Queen တို့အပြင် သောင်းဂဏန်းရှိသည့် Fifty Two News နှင့် Ye Yint Htet အမည်ရ တယ်လီဂရမ်ချန်နယ်များကလည်း ထပ်ဆင့်မျှဝေထားကြသည်။

မှိုင်းဝေမှ ထပ်ဆင့်မျှဝေထားသည့် ဝါဒဖြန့်ပို့စ်ကို ကြည့်ရှုသူ ၂သောင်းကျော်ရှိ၍ Snow Queen တွင် ၅ ထောင်ကျော်ရှိသည်။

မှိုင်းဝေ လင့်ခ် – https://archive.ph/g1rwO
Snow Queen လင့်ခ် – https://archive.ph/hXI4Q
Fifty Two News – https://archive.ph/4c7b0
Ye Yint Htet – https://archive.ph/NNuCa

Myanmar Fact-Checking Network အဖွဲ့ဝင် ကေအိုင်စီ-ကရင်သတင်းဌာနမှ ၎င်းတို့အား စိစစ်ကြည့်ရာ ကူးယူထားသော ဓာတ်ပုံများ၊ သက်သေမပြနိုင်သည့် အရေးအသားများဖြင့် အချက်အလက်စစ်ဆေးထားသကဲ့သို့ ဖော်ပြထားသည့် ဝါဒဖြန့် သတင်းအမှားဖြစ်ကြောင်း တွေ့ရသည်။

ဝါဒဖြန့်သတင်းတွင်ပါဝင်သည့် ဓာတ်ပုံများကို စိစစ်ခြင်း

ဇွန်လ ၁၀ ရက်နေ့က Fact Check ချန်နယ်မှ စာသင်ကျောင်းနေရာနှင့်သက်ဆိုင်သည့် ဓာတ်ပုံ ၅ ပုံနှင့်တကွ ပုံများပေါ်တွင် “ခုံတွေစီထားတာကိုကြည့်ပါ သွေးတစ်စက်မှမရှိပါဘူး”၊ နေအိမ်တည့်တည့်ကျတယ်သာပြောတာ အပေါ်ထပ်တောင်ဘာမှမဖြစ်ဘူး။ အောက်က ခုံ၊စာအုပ်၊လွယ်အိတ်တွေက ဘာမှမဖြစ်ဘူးနော်၊ ဘယ်ကမြေကြီးအမှုန့်တွေနဲ့ပက်လိုက်တာလဲ ခုံပေါ်ကို” စသည့်ဖြင့် ရေးသားထားသည်။

ထိုပုံများ၏ မူရင်းဇစ်မြစ်ကို လူမှုကွန်ရက်မီဒီယာတွင် ရှာဖွေ၍ တိုက်ဆိုင်စစ်ဆေးခဲ့ရာ Myanmar Defense & Security Institute (မြန်မာ့စစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့) – MDSI က ဇွန်လ (၉)ရက်နေ့မနက်ပိုင်းက အစောဆုံးဖော်ပြလာသည့် ပုံများကို ကူးယူထားခြင်းဖြစ်ကြောင်းတွေ့ရသည်။

ထို့အပြင် ကျန်နေခဲ့သည့် ဗုံးခွံအစိတ်အပိုင်းများအရ စစ်ကောင်စီ ကပစ-၂၁ မှ ထုတ်လုပ်သည့် MAB 26 C 6 Cluster Bomb အမျိုးအစား ဗုံးပေါက်ကွဲသဖြင့် နေအိမ်စာသင်ကျောင်းရှိ ကလေးငယ်များအပါအဝင် သေဆုံးထိခိုက်မှုဖြစ်ပွားရခြင်းဖြစ်သည်ဟု လည်း MDSI က တဆက်တည်းဆိုထားသည်။

MDSI လင့်ခ် – https://shorturl.at/3o5Uz

သတင်းလုပ်ငန်းစဥ်အတိုင်း လုပ်ဆောင်နေသည့် မြန်မာနောင်း သတင်းဌာနတွင် ဖော်ပြသည့် ရုပ်သံသတင်းတွင်လည်း ကိုယ်ထူကိုယ်ထစာသင်ကျောင်းနေရာ အိမ်(၃)လုံးခါင်မိုးတည့်တည့်ပေါ် ဗုံးကြဲခံရသည့်အတွက် ကလေးများထိခိုက်သေဆုံးခဲ့ရကြောင်း ဖော်ပြသည်။

Myanmar Now – https://www.youtube.com/watch?v=MTKa4kmeCmM

ဝါဒဖြန့်သတင်းတွင်ပါဝင်သည့် အကြောင်းအရာများကို စိစစ်ခြင်း

ပုံများနှင့်တွဲ၍ Fact Check အမည်ခံ ချန်နယ်က “ဗုံးကျဲခံရမှ ပြည်သူ…ပြည်သူ ဆိုပြီးမအော်ပါနဲ့” “ပြည်ဖျက်တွေရဲ့ လုပ်ကွက်က စကစ ဗုံးကျဲရင် ဟုတ်ဟုတ်မဟုတ်ဟုတ် ကျောင်းဖွင့်ချိန်ဆို စာသင်ကျောင်း လုပ်တော့တာပဲ” စသည့်အရေးအသားများဖြင့် ခေတ်သစ်မီဒီယာက တင်ထားသည့်ဖြစ်စဥ်သတင်းတစ်ပုဒ်ကို ဦးတည်ပြီး ဖော်ပြသည်။

၎င်းနှင့်ပတ်သက်၍ NUG လက်အောက်ရှိ လူ့အခွင့်အရေးဝန်ကြီးဌာန၏တရားဝင်စာမျက်နှာမှ ဇွန်လ ၁၀ ရက်နေ့မွန်းလွဲပိုင်းထိ ရထားသည့်အချက်အလက်များအရ ကိုယ်ထူကိုယ်ထ နေအိမ်စာသင်ကျောင်း နှင့်လမ်းမကြီးပေါ် စစ်ကောင်စီဗုံးကြဲချမှုကြောင့် ၆ နှစ်မှ ၈ နှစ်အရွယ်ကြား ကလေးငယ် (၃)ဦီးနှင့် ဆရာမ တစ်ဦး၊ ဒေသခံတစ်ဦးတို့ပါ သေဆုံးခဲ့ရသည်ဟု ပုံများနှင့်တကွဖော်ပြသည်။

MOHR လင့်ခ် – https://shorturl.at/4wJHZ

အလားတူ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဒူးပလာယာ(ကော့ကရိတ်)ခရိုင် တရားဝင်စာမျက်နှာမှလည်း စာသင်နေသည့် နေအိမ်များဖြစ်သည်ဟု ဖော်ပြသည်။

KNU လင့်ခ်- https://shorturl.at/xD1ZN

ကရင်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် ကေအိုင်စီမှလည်း ရွာအတွင်း စာသင်ကျောင်းများမဖွင့်၍ စာတက်မြောက်ရေးအတွက် နေအိမ်များတွင် ကိုယ်ထူကိုယ်ထသင်ပေးကြခြင်းဖြစ်သည်ဟု ဇွန် ၉ ရက်နေ့က ဖော်ပြခဲ့သည်။

KIC လင့်ခ်- https://shorturl.at/2fbrc

အလားတူ သတင်းလုပ်ငန်းစဥ်အတိုင်း ရေးသားတင်ဆက်နေသည့် Burma VJ, လူထုနွေဦး, BBC, Irrawaddy, Mizzima, Dawei Watch, Network Media Group တို့ကလည်း ယုံကြည်ရသည့်သတင်းအရင်းအမြစ်နှင့် ဒေသခံများ၏ပြောကြားချက်ကို ကိုးကားပြီး စာသင်ကြားရာနေအိမ်များပေါ် စစ်ကောင်စီဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။

Burma VJ – https://shorturl.at/XVLGh
လူထုနွေဦး- https://www.ludunwayoo.com/news-mm/2025/06/12/123775/
BBC – https://x.com/bbcburmese/status/1932295775137997082
Irrawaddy – https://shorturl.at/qY0zr
Mizzima – https://bur.mizzima.com/2025/06/09/58290
Dawei Watch- https://www.daweiwatch.com/10/06/2025/113428/
Network Media Group – https://www.nmg-news.net/2025/06/11/31919

ဖော်ပြပါ သတင်းဌာနများအရ သေဆုံသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများတွင် စာသင်ခန်းတွင်ပညာသင်နေသည့် ကလေးငယ်များနှင့် အရပ်သားပြည်သူများသာ ပါဝင်ကြောင်း စိစစ်တွေ့ရှိရသည်။

သုံးသပ်ချက်

အထက်ဖော်ပြပါ စိစစ်ချက်များအရ ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ကျေးရွာအတွင်း ဇွန်လ ၉ ရက်နေ့က အရပ်သားပြည်သူ ကလေးငယ်များ စာသင်ရာနေအိမ်များအတွင်း စစ်ကောင်စီဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းမှာ အမှန်ဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံ Fact Check အမည်ဖြင့် သတင်းတုသတင်းမှားများ စိစစ်သယောင် ဝါဒဖြန့်ဝေနေသည့် ချန်နယ်က ပုံသက်သေအမှန်များ ကူးယူအသုံးပြု၍ မဟုတ်မမှန်သော အရေးအသားများဖြင့် လိမ်လည်ဝါဒဖြန့်သည့် သတင်းအမှားဖြစ်ကြောင်း သုံးသပ်ရသည်။ ထိုအပြင် သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ရေးသားဖော်ပြနေသည့် သတင်းများကိုလည်း Fact-check ဆိုသည့် စကားလုံးကို အသုံးပြုပြီး ပုံဖျက်ရေးသား ဝါဒဖြန့်ချိနေသည်ကိုလည်းတွေ့ရှိရပါသည်။

စာဖတ်သူများအနေဖြင့်လည်း သတင်းတု၊ သတင်းအမှားများ၊ စစ်ဆေးပေးစေလိုသော သံသယဖြစ်ဖွယ် သတင်းအချက်အလက်များ၊ မှန်ကန်သည့်သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုသော အကြောင်းအရာများအား Myanmar Fact Checking Network နှင့် အဖွဲ့ဝင်ဖြစ်သော KIC ၏ မက်ဆင်ဂျာမှတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးရန် အကူအညီတောင်းနိုင်သည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ၏ အချက်အလက် စစ်ဆေးထားသော သတင်းများကိုလည်း အောက်ဖော်ပြပါ လင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web-https://myanmarfactcheckingnetwork.org/
Fb-https://www.facebook.com/myanmarfactcheckingnetwork