မေ ၂၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၇) နယ်မြေ၊ ပိုင်ကျုံ မြို့နယ်အတွင်းရှိ စစ်ကောင်စီ မော်ဖိုးကေ စခန်းကို မေ ၁၉ ရက်နေ့ ညပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က ဦးဆောင်တိုက်ခိုက် သိမ်းပိုက်လိုက်သည်ဟု မြေပြင်ရှိ တပ်မှူးတစ်ဦးက အတည်ပြုပြောသည်။
အဆိုပါမော်ဖိုးကေ တပ်စခန်းသည် ကေအဲန်ယူ တပ်မဟာ(၇) ပိုင်ကျုံ (တာ့ကလယ့်) မြို့နယ်ထဲတွင် တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀ ဦး ကျော်ခန့်သာရှိကာ KNLA တပ်မဟာ(၇)က မေ ၁၈ ရက်နေ့ နေ့တဝက်ခန့် အတွင်း သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
KNLA က စခန်းကို စတင်တိုက်ခိုက်နေချိန်တွင် မော်ဖိုးကေ စခန်းအတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လက်နက်များကို ဖျက်ဆီးယူဆောင် ထွက်ပြေးသွားသည်ဟု မြေပြင်တပ်မှူးတစ်ဦးက ယခုလို ပြောသည်။
“မနေ့ညတုန်းက အပြီးတိုက်ခိုက်နိုင်တာ။ လေယာဉ်တွေနဲ့ လာပစ်တာတော့မရှိဘူး။ စခန်းထဲမှာရှိတဲ့ စကစ ကောင်တွေအကုန်ထွက်ပြေးကုန်ပြီး ပြန်ရှာမတွေ့တော့ဘူး ဘယ်ဘက်ပြေးသွားလဲမသိဘူး လက်နက်တွေက တစ်ခုမှ မကျန်ဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ကေအဲန်ယူ၊ တပ်မဟာ(၇) နယ်မြေအတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်တစ်လျောက်ရှိ မော်ဖိုးခီး (မော်ဖိုးကေ) စခန်းအပြင် မော်ဖားသူး၊ တာလယ်၊ တခေါ်ဘီခွီး၊ ပူလူးတူ၊ ခလယ်ဒေး၊ မော်ကွီးလုနှင့် လေးဂေါ် စသည့်စစ်ကောင် စီ ခြေကုပ်စခန်း ၈ ခုကို ၃ လ အတွင်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ စခန်းသိမ်းချိန်တွင် ဒေသခံပြည်သူများသည် တစ်ဖက် ထိုင်းနိုင်ငံဘက်သို့ ယာယီထွက်ပြေးတိမ်းရှောင် ရမှုများရှိသော်လည်း စခန်းသိမ်းပြီးနောက်တွင် ဒေသခံများ နေရပ်သို့ ပြန်လည်နေထိုင်သော်လည်း စစ်ကောင်စီ ၏ လေကြောင်းရန်ကိုမူ သတိထားေနေထိုင်ရသည်ဟု ဒေသခံများထံမှ သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ လမှစ၍ ကေအဲန်ယူ တပ်မဟာ(၇)၊ တပ်မဟာ (၅) ရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော်-KNDO၊ ပူးပေါင်းတပ်များက ကေအဲန်ယူ၊ ဌာနချုပ်ဟောင်းမာနယ်ပလောဒေသကို အတူတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။



















