Home သတင်း CDM ကျောင်းဆရာတစ်ဦး လက်နက်ကြီးစထိမှန် သေဆုံး

CDM ကျောင်းဆရာတစ်ဦး လက်နက်ကြီးစထိမှန် သေဆုံး

775
Photo: Crd.

မေ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကျုံဒိုးမြို့ပေါ်မှ စစ်ရှောင်နေသူ CDM(အာဏာဖီဆန်ရေးလှုပ်ရှားမှု) ကျောင်းဆရာတစ်ဦးသည် မြို့ပေါ်ရှိ နေအိမ်သို့ မေလ ၁၉ ရက်နေ့တွင် နေအိမ်သို့ ခေတ္တပြန်လာကြည့်စဉ် လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးသွားသည်ဟု မိသားစုနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ကျုံဒိုးမြို့၊ အမှတ် (၄) ရပ်ကွက် ကျွန်းကလေးအပိုင်တွင် နေထိုင်သူ CDM ကျောင်းဆရာ ကို သက်ဦးသည် မေ ၁၉ ရက်၊ နေ့လည်ပိုင်းတွင် စစ်ရှောင်နေသည့် နေရာမှ နေအိမ်သို့ ပြန်လာပြီး ပစ္စည်းသိမ်းယူ နေချိန် စစ်ကောင်စီခြေမြန်တပ်ရင်း(ခမရ-၅၄၆ )တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး အိမ်အနီးကျရောက် ပေါက်ကွဲကာ ကျည်စထိမှန် သေဆုံးသွားခြင်း ဖြစ်သည်။

“သူ့နာမည် ကျောင်းဆရာကိုသက်ဦး၊ သူက CDM လုပ်ပြီး ဆရာအလုပ်က ထွက်ထားတာ၊ မြို့က စစ်ရှောင်တော့ သူလည်း စစ်ရှောင်နေရာ အမှတ် ၄ ရပ်ကွက် ကျွန်းကလေးအပိုင်းက အိမ်ကို ပြန်ပစ္စည်းယူပြီး အိမ်ပိတ်ဖို့ လုပ်နေ တာမှာ အလုံးကြီးကျပြီး အစမှန်လို့ဆုံးသွားတယ်။ ကလေးတွေ မိသားစုတွေတော့ စစ်ရှောင်နေကြတဲ့နေရာကို လှမ်းပြောထားတယ်၊ နာရေးလုပ်ဖို့ စီစဉ်နေတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် မေလ ဒုတိယအပတ်အတွင်း ကျုံဒိုးမြို့ ရပ်ကွက် ၁ နှင့် ၃ ရပ်ကွက်အတွင်း လက်နက်ကြီး ကျ ရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

ကော့ကရိတ်၊ ကျုံဒိုးမြို့နယ် အတွင်း ပြီးခဲ့သည့် ဧပြီ ၁၄ ရက်မှ ယခု မေ ၁၉ ရက်အထိ စစ်ကောင်စီက လေ ကြောင်းမှ ဗုံးကြဲခြင်း၊ ဒရုန်းဗုံးကြဲချခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် အရပ်သားပြည်သူနှင့် ရဟန်း သံဃာများအပါအဝင် လူ၂၀ ဦးကျော် သေဆုံးထားပြီး ကလေး၊ လူကြီး၊ ရဟန်းသံဃာအပါအဝင် လူ ၃၀ ကျော် ထိခိုက်ဒဏ်ရာရ ရှိထားကြောင်း မြေပြင်သတင်း အချက်အလက် မှတ်တမ်းများအရ သိရသည်။

လက်ရှိ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းတစ်လျှောက် ယနေ့ မေလ ၂၀ ရက်နေ့တွင် စစ်ကောင်စီ စစ်ကြောင်းများ လက်နက်ကြီး ပစ်ကူရယူပြီး စစ်ကြောင်းထွက်ရန် ပြင်ဆင်မှုများရှိသည်ဟု မြေပြင်စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။