Home သတင်း သေ့ဘော်ဘိုးတွင် လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုကြောင့် ရွာသား ၂ ဦး ဒဏ်ရာရ

သေ့ဘော်ဘိုးတွင် လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုကြောင့် ရွာသား ၂ ဦး ဒဏ်ရာရ

845

မေ ၂၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသ၊ သေ့ဘော်ဘိုးကျေးရွာအုပ်စုအတွင်းသို့ ယမန်နေ့က စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် မှုကြောင့် ဒေသခံရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဝေါလေဗျူူဟာကုန်းစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီး ပစ်ခတ် မှုကြောင့် သေ့ဘော်ဘိုးကျေးရွာအုပ်စု၊ တာအူထ ကျေးရွာနေ ဒေသခံအမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ပြီး တဆက်တည်းတွင် လေယာဥ်ဖြင့် လာရောက်ဗုံးကြဲခဲ့ရာ ကျေးရွာအပြင်ဘက်သို့ ကျရောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ ဒီမနက် ဝေါလေကုန်းကနေ ဟာဝှစ်ဇာ ပစ်လိုက်တာ တာအူထ က ဒေသခံ ၂ ယောက်ထိသွားတယ်။ လေယာဉ် ကလည်း မနက်က ၃လုံး လာကြဲသွားတယ်။ လေယာဉ်လာကြဲတာက ရွာထဲ မကျဘူး။ ရွာအပြင်ဘက် ကျတယ်။ အဲ့နေရာက မြန်မာ စစ်တပ်စခန်းလည်းမရှိ ဒီဘက်က လူတွေရဲ့ စခန်းလည်း မရှိဘူး။ တောင်ကြို တောင်ကြားက ရွာပဲ” ဟု သေ့ဘော်ဘိုးကျေးရွာ၊ အုပ်ချုပ်ရေးမှူးက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ နှစ်ဦးအား အရေးပေါ်အခြေအနေကြောင့် ဆေးကုသမှုခံယူ နိုင်ရန် ထိုင်းဘက်ခြမ်းရှိ ဆေးရုံသို့ ပို့ဆောင်ထားခြင်းဖြစ်ပြီး ခြေထောက်၌ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ရှောင်အရေး ဆောင်ရွက်သည့် ကျန်းမာရေးမှူးတစ်ဦးက ယခုလို ‌ပြောသည်။

“ ကျနော်တို့ ဆေးရုံကို ပို့ပေးလိုက်ပြီး။ သူတို့ကျနော်တို့ ဆေးခန်းကိုတောင် မဝင်နိုင်ဘူး။ အရေးပေါ် ဖြစ်တော့ ဆေးရုံကိုပဲ တိုက်ရိုက်ပို့လိုက်တာ” ဟု ၎င်းက ပြောသည်။

ယခု မေလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO) နှင့် ပူးပေါင်းတပ်ဖွဲ့များမှ မြဝတီမြို့ မြောက်ဘက် တပ်မဟာ ၇ နယ်မြေထဲရှိ စစ်ကောင်စီ တပ် စခန်းအားလုံးနီးပါးကို သိမ်းယူနိုင်ခဲ့ပြီးနောက် မြဝတီမြို့တောင်ဘက် တပ်မဟာ ၆ နယ်မြေအတွင်း ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

တပ်မဟာ- ၆ နယ်မြေ အတွင်းရှိ စစ်ကောင်စီစခန်း များကို KNLA မဟာမိတ်တပ်များ ထိုးစစ်ဆင်တိုက်ခိုက် နေသည့်အတွက် ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းနယ်ခြားစောင့်စစ်တပ်က စစ်ရေးအသင့် အနေအထားဖြင့် အားတိုးမြှင့်ချထားပြီး ထိုင်းနယ်စပ်ပတ်လမ်းတစ်လျှောက် စစ်ယာဉ်တန်းဖြင့် ကင်းပတ်စောင့်ကြည့်နေကြောင်း နယ်စပ် သတင်းရင်းမြစ်များက ပြောသည်။

လက်ရှိတွင် ဝေါ်လေဒေသအတွင်း စစ်ကောင်စီတပ်၏ ဗျူဟာစခန်းအပြင် ဥကရစ်ထ၊ ကနဲလေး၊ ထီးကပလယ်၊ မော်ခီး၊ ဝါးမီးထ၊ ဘလက်ဒို၊ သေဘောဘိုးစတဲ့ စခန်းများ ကျန်ရှိနေပြီး နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန် နေကာ စစ်ကောင်စီဘက်မှ မိမိတို့ တပ်စခန်းမကျရေးအတွက် လေကြောင်းပစ်ကူမှုကို အားထားအသုံးပြု နေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ် များထံမှ သိရသည်။

ကော့ကရိတ်မြို့နယ် (ထိုင်း-မြန်မာနယ်စပ် မြဝတီတောင်ပိုင်း)တွင် ပြီးခဲ့သည့် မေ ၂၁ မှ ၂၃ ရက်နေ့အထိ ဘလယ်ဒို စစ်ကောင်စီစခန်း သိမ်းတိုက်ပွဲဖြစ်စဉ်ကြောင့် ထောင်နှင့်ချီသော စစ်ရှောင်များသည် ဘေးကင်းရာ နေရာသို့ တိမ်းရှောင်ခိုလှုံနေရသည်ဟု သိရသည်။