Home သတင်း လှိုင်ကွယ်ကျောင်းထိုင်ဆရာတော် ကျည်သင့်ပြီး ပျံလွန်တော်မူ

လှိုင်ကွယ်ကျောင်းထိုင်ဆရာတော် ကျည်သင့်ပြီး ပျံလွန်တော်မူ

516

မေလ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ် တိုက်ပွဲအတွင်း တောင်ကြာအင်းကျေးရွာ အုပ်စု၊ လှိုင်ကွယ် ဆရာတော်ကို ယနေ့ မေ ၉ ရက်နေ့ နံနက်ပိုင်းတွင် သေနတ် ကျည်သင့်ပြီး ပျံလွန်တော်မူသွားသည်ဟု ဒေသတွင်း လူမှုကယ် ဆယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ နှစ်ဖက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်လိုက်သည့် သေနတ်ကျည်သင့် ဒဏ်ရာဖြင့် သက်တော် (၅၀) ဝန်းကျင်ရှိ လှိုင်ကွယ် ဆရာတော် ဘဒ္ဒန္တ သုဇာတသည် ယခုလို ဘဝနတ်ထံ ပျံလွန် တော်မူသွားခြင်းဖြစ်သည်ဟု အခြေအနေသိထားသူ လူမှုကယ်ဆယ်ရေးလုပ်ဆောင်နေသူ တစ်ဦးက ပြောသည်။

“ ဒီနေ့မနက်ပိုင်းက လှိုင်ကွယ်၊ ကိုးတိုင်ဘက် တိုက်ပွဲ ဖြစ်နေတယ် အဲ့ကနေလာတဲ့ ကျည်ထိပြီးပျံလွန်မူတယ်။ ဆေးရုံကားနဲ့ တင်ပေမယ့် အသက်မမှီတော့ဘူး။ အခုထိ စစ်တပ်က လက်နက်ကြီးတောက်လျှောက်ပစ် နေတုန်းပဲ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လှိုင်ကွယ် ဆရာတော်သည် ယခင်က မြို့မကျောင်း၌ စာဝါချခဲ့ပြီးနောက် လှိုင်ကွယ်ကျောင်း၌ ကျောင်းထိုင်အဖြစ် သီတင်းသုံးနေရာမှ ယခုလို ပျံလွန်တော်မူခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ကော့ကရိတ်၌ စစ်ကောင်စီတပ်ဘက်က မိဂလုံ ကျေးရွာနှင့် မြပတိုင်ကျေးရွာများဘက်သို့ လက်နက်ကြီး ပတ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသလို ကင်းထောက်လေယာဉ်ပျံသန်းကာ ကလက်စတာ (လေကွဲပဒေသာ ဗုံးသီး) များ ကြဲချတိုက်ခိုက်နေသည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။