Home သတင်း ဖားအံတောင်ကလေးအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၂ ဦး အုပ်စုဖွဲ့ ရိုက်နှက်ခံရပြီး အပြင်းအထန်ဒဏ်ရာရ

ဖားအံတောင်ကလေးအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၂ ဦး အုပ်စုဖွဲ့ ရိုက်နှက်ခံရပြီး အပြင်းအထန်ဒဏ်ရာရ

654

မေလ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ နယ်၊ တောင်ကလေး အကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ရာဇဝတ်အကျဉ်းသား ၁၂ ဦးက အုပ်စုဖွဲ့ ရိုက်နှက်ခံရပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာအကျဉ်းသားများကွန်ရက် (PPNM)က ယမန်နေ့ မေလ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်၊ မွန်းလွဲပိုင်းအချိန်တွင် နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုကျော်ကျော်မြင့်နှင့် ကိုမင်းသူစိုးတို့ နှစ်ဦးကို ထောင်ပိုင်လေး၏ လူယုံတပည့် ဖြစ်သူ ထက်နိုင်မှ ထောင်မှ ကျွေးသည့်ငါးဟင်း နောက်ကျရသည့် အကြောင်းကို အိပ်ဆောင်အတွင်း ဝင်ရောက်ပြောကြားခိုင်းရာမှ ရာဇဝတ် အကျဉ်း သားများက ဝိုင်းဝန်းရိုက်နှက်ကာ သတ်ရန်ကြံစည်မှု ဖြစ်ခဲ့သည်ဟု PPNM ပြောသည်။

PPNM ၏ တာဝန်ရှိသူ မရောင်နီလင်းက “ ဒီအုပ်စုဖွဲ့ အနိုင်ကျင့်တာတွေက နဂိုကတည်းက အငြိုးထားတာတွေ ပါတယ်။ ထောင်ထဲမှာရှိတဲ့ မီးဖိုကြီးကို တာဝန်ကျတဲ့ ဝန်ထမ်းက အစ အငြိုးထားတယ်လို့ သိရတယ်။ နိုင်ငံရေးအကျဥ်းသားတွေက နေ့စဥ် ရရှိမယ့် အစားအသောက် ရိက္ခာနဲ့ပတ်သက်ပြီးတော့ မကြာခဏ တင်ပြရတာတွေ ရှိတယ်။ ဒါသက်သက် လူသတ်ဖို့ ကြံစည်ပြီးတော့မှ လုပ်ခဲ့တာလို့ပဲ မြင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုကဲ့သို့ ရိုက်နှက်ခဲ့မှုများကြောင့် နိုင်ငံရေးအကျဉ်းသား နှစ်ဦးသည် ဦးခေါင်းကွဲအက်ဒဏ်ရာ၊ ခန္ဓာကိုယ် ဖူးရောင်ပေါက်ပြဲဒဏ်ရာ၊ မျက်နှာဖူး ရောင်ဒဏ်ရာ၊ တံတောင်ဆစ် လက်မောင်း ညိုမည်းပြီး ဦးခေါင်းကွဲအက်ဒဏ်ရာများအပြင် မျက်နှာတစ်ပြင်လုံး ဖူးရောင်ညိုမဲဒဏ်ရာနှင့် ခန္ဓာကိုယ်အ နှံ့ ညိုမည်းရောင်ကိုင်းဒဏ်ရာများ ရရှိခဲ့ကြောင်း PPNM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို အိပ်ဆောင်မှူး ရုံးခန်းရှေ့တွင် ဝိုင်းဝန်းရိုက်နှက်မှု ကျူးလွန်ခံနေရ စဥ် ထောင်ဝန်ထမ်းအရာရှိများက ဖြစ်စဥ်နေရာတွင် မျက်မြင်ကိုယ်တွေ့ ရှိနေသော်လည်း ဝင်ရောက် ဟန့်တားခြင်း မလုပ်ဆောင်ခဲ့ကြောင်း PPNM က ဆိုသည်။

“အကျဥ်းထောင်တွေမှာ သာမန်အကျဥ်းလူတွေက အကျဥ်းဦးစီးတွေနဲ့ တည့်အောင်ပေါင်းပြီး နိုင်ကျဥ်းတွေကို တိုက်ခိုက်တာတွေ ပိုပြီး အခွင့်အရေးယူတာတွေ ရှိတယ်။ လက်နက်ပစ္စည်းကအစ အကျဥ်းဦးစီးတို့နဲ့ ပေါင်းပြီး ရန်ဖြစ်ရင် ထုတ်သုံးဖို့ အကျဥ်းဦးစီးတွေကိုယ်တိုင် ဖွက်ထားပေး တာတွေလည်း ရှိတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

လက်ရှိတွင် အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့သူ (၁၂)ဦးအနက် မင်းထက်(ခ)ဘိုဘို ၊ ပေါင်ချိန်၊ နွားကြီး၊ မင်းမင်း(ခ)ပါပြတ်၊ စပရိန်စသည့် ငါဦးကိုသာ အကျဥ်းဦးစီးက တိုက်ပိတ်ထားပြီး ထိခိုက်ဒဏ် ရာရရှိခဲ့သည့် နိုင်ကျဉ်းများမှ တရားရုံး ပြင်ပတွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ယခု ဖြစ်စဉ်ကို ကရင်ပြည်နယ် အကျဉ်းဦးစီးဌာန၊ တာဝန်ခံ ညွှန်ကြားရေးမှူးက ဦးဆောင်ပြီး (Department Enquiry) DE စစ်ဆေးလျက် ရှိကြောင်း၊ DE ဖြစ်စဥ် ရရှိချက်များနှင့် တရားရုံး ဖြစ်စဥ် များကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် (PPNM)၏ ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

PPNM ၏ မေလ (၅) ရက်ထုတ်ပြန်ချက်အရ အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိခဲ့မှုများကြောင့် ယခုနှစ် ဇန်နဝါရီလ မှ ဧပြီလအထိ နိုင်ငံရေးအကျဉ်းသား ၉ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလပိုင်းမှ ယခု မေလ(၈)ရက်နေ့အထိ အာဏာသိမ်းဖြစ်စဥ်နှင့်စပ်လျဥ်း၍ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ နှင့် အရပ်သားပြည်သူ စုစုပေါင်း (၂,၉၁၂၇) ဦး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ မှတ်တမ်းများအရ သိရသည်။