Home သတင်း SAW ကျောင်းမှ GED အောင်မြင်သွားသည့် မြန်မာကျောင်းသား ၃၄ ဦး ကျောင်းဆင်း

SAW ကျောင်းမှ GED အောင်မြင်သွားသည့် မြန်မာကျောင်းသား ၃၄ ဦး ကျောင်းဆင်း

617

မေလ ၃၁ ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အခြေစိုက် ကလေးနှင့် အမျိုးသမီး လူမှုစောင့်ရှောက်ရေးအဖွဲ့(SAW)မြန်မာ ရွှေ့ပြောင်းကျောင်းကနေ အမေရိကန်နိုင်ငံအသိအမှတ်ပြု General Educational Development(GED) ဖြေဆိုအောင်မြင်သူ မြန်မာ ကျောင်းသူ၊ကျောင်းသား ၃၄ ဦးကို ယနေ့ မေလ ၃၁ ရက်နေ့တွင် ကျောင်းဆင်းပွဲ ပြုလုပ်ပေးခဲ့သည်။

မြန်မာပြည်တွင်း စစ်အာဏာသိမ်းမှုကြောင့် ပုံစံမျိုးစံဖြင့် မဲဆောက်မြို့ကို ရောက်ရှိလာကြသည့် မြန်မာရွှေ့ ပြောင်းကျောင်းသားများအနေဖြင့် ပညာသင်ယူခွင့် အခွင့်အလမ်းနည်းပါးသွားသည့်အပေါ် ပညာဆက်လက် သင်ယူခွင့်ရရှိရေ ရည်ရွယ်ချက်ဖြင့် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း SAW ကျောင်း ဒါရိုက်တာ ဒေါ်အေးအေးမာက ယခုလို ပြောသည်။

“နယ်စပ်မှာရောက်လာကြတဲ့ ကျောင်းသားလူငယ်တွေက အနာဂတ်ပျောက်သလိုဖြစ်နေတယ်။ ပညာသင်ကြား နိုင်ဖို့က အခက်အခဲတွေ အများကြီး ရှိတယ်။ ဒီက ရွှေ့ ပြောင်းကျောင်း ၆၃ ကျောင်းမှာ ဒီနှစ်ထဲမှာပဲ ကျောင်းသားပေါင်း ၁၇,၀၀၀ ကျော် စာသင်ကြားနေကြတယ်။ ဒါပေမဲ့ စာမသင်ကြားနေရတဲ့ ကလေးတွေ ကလည်း သောင်းနဲ့ချီရှိတယ်။ အဲ့ဒါကြောင့် SAW အနေနဲ့ကတော့ အခွင့်အလမ်းမဲ့နေတဲ့ ကျောင်းသားတွေအတွက် အဓိက ရည်ရွယ်ပြီး ဒီကျောင်း(GED Program) ကို ထပ်ပြီးတော့ ဖွင့်လှစ်ဖြစ်တာပေါ့။” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံမှ ကျောင်းသား လူငယ်အများအပြား အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်ပထွက်ခွာတိမ်းရှောင်ကြသလို စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းသတ်မှတ်ချက်ကြောင့် ကျောင်းသားလူငယ်အများအပြား နယ်စပ်ဒေသကို စုပြုံရောက်ရှိ လာကြသည်။

ထို့အပြင် ဒေသတွင်းစစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် လူငယ်အများအပြားလည်း ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ကို ရွှေ့ပြောင်းခိုလှုံရောက်ရှိလာကြသည်။ ကျောင်း နှင့် ကျောင်းသားဦးရေအကန့် အသတ် များကြောင့် ပညာဆက်လက်သင်ကြားနိုင်ရန် အခွင့်အလမ်း နည်းပါး၍ သင်ကြားရေးစင်တာများတွင် ယခုလို GED ပရိုဂရမ်များကို ဖွင့်လှစ်ပေးလာကြခြင်းလည်းဖြစ်သည်ဟု သိရသည်။

ယခု SAW ကျောင်းမှ GED အောင်မြင်သွားသူများအနေဖြင့် နိုင်ငံတကာ တက္ကသိုလ်ကျောင်းများနှင့် ကောလိပ် ကျောင်းများတွင် ဆက်လက်တက်ရောက်ရန် ပြင်ဆင်ထားကြသူများရှိသလို ကျောင်းဝင်ခွင့်ရရှိထားပြီးသူများလည်းရှိပြီးဟု GED အောင်မြင်သွားသူ မောရစ်က ပြောသည်။

၎င်းက “ ကျနော်ဘန်ကောက်မှာ TGBC ကျောင်းကို ဆက်သွားမယ်။ အခုတော့ ဝင်ခွင့်ရသွားပြီး။ ၂ ရက်နေ့ကျရင်တော့ ကျနော်တို့ ကျောင်းသွားတက်မယ်။ ဒီ SAW ကျောင်းကနေပဲ ၆ ယောက် သွားတက်မယ်။ အဲ့ကျောင်းပြီးရင် SAW ကျောင်းကို ပြန်လာပြီးတော့ စေတနာဝန်ထမ်း ပြန်လာလုပ်မယ်။ ပြီးရင် တက္ကသိုလ် ဆက်တက် ဖို့ရှိပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့ ပြုလုပ်သည့် ကျောင်းဆင်းပွဲတွင် ကျောင်းသူ ၁၈ ဦး ကျောင်းသား ၁၆ ဦးကို သင်တန်းဆင်း လက်မှတ် ပေးအပ်ခဲ့ပြီး မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်အပြင် ထိုင်းတာဝန်ရှိသူ အချို့၊ မဲဆောက်ရောက် မြန်မာအသိုင်းအဝိုင်းနှင့် ကျောင်းဆင်း ကျောင်းသူကျောင်းသားများများအပါအဝင် စုစုပေါင်းလူဦးရေ ၂၀၀ ခန့် တက်ရောက်ခဲ့သည်။

SAW မြန်မာရွှေ့ပြောင်းကျောင်းတွင် GED ပရိုဂမ် သင်ကြားမှုကို ပြီးခဲ့သည့် ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့သည်။ ထိုနောက် ၂၀၂၄ခုနှစ်တွင် ဒုတိယအကြိမ်ဖွင့်လှစ်သင်ကြားပေးခဲ့ကာ ယခုအောင်မြင်သွားသူများမှာ တတိယအကြိမ်မြောက်ဖြစ်ကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။