မေ ၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ကျားကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်ကို အမည်မသိ သေနတ်သမား များက မေ ၃ ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မြောင်းမြမြို့ခံများက ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ မြောင်းမြမြို့နယ်၊ ကျားကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး မန်းရွှေသောင်း၏ နေအိမ်သို့ မေ ၃ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် အမည်မသိ သေနတ်သမားများ ရောက်ရှိလာပြီး ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပစ်ခတ်ချိန်တွင် အုပ်ချုပ်ရေးမှူးသည် နေအိမ်မှ ထွက်ပြေးသည့်အတွက် လွတ်မြောက်သွားခဲ့သော်လည်း သူ၏ အမျိုးသမီးဖြစ်သူကို သေနတ်ကျည်ထိမှန်ခဲ့ပြီး ညတွင်းချင်း မြောင်းမြမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူခဲ့ရသည်ဟု မြို့ခံတစ်ဦးက ယခုလို ပြောသည်။
“ည သန်းခေါင်ယံ အချိန် ၁၂ နာရီနဲ့ တစ်နာရီကြားမှာ ဝင်ပစ်တာလို့ သိရတယ်။ အုပ်ချုပ်ရေးမှူးက ဆင်းပြေးတာ မြန်တော့ လွတ်သွားတယ်။ သူ့အမျိုးသမီးကို ကျည်ထိသွားတယ်။ ညတွင်းချင်း မြောင်းမြ ဆေးရုံကို ပို့လိုက်တယ်။ ဒီဖြစ်စဉ်က ကျားကွင်းကျေးရွာမှာ ပထမဆုံးပဲ။ ရွာသားတွေလည်း မကြုံဖူးတော့ ကြောက်လန့်နေကြတယ်” ဟု ၎င်းက ပြောသည်။
ယခုလို ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ယနေ့ (မေ ၄) ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျားကွင်း ကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး ဒေသခံများလည်း စိုးရိမ်ကြောက်လန့်နေသည်ဟု အမည်မဖော်လိုသူ မြို့ခံက ဆက်ပြောသည်။
ထို့အပြင် မြောင်းမြမြို့ အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ ၉၃) ရှေ့၌ လမ်းသွားလမ်းလာများကို စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
သေနတ်ဖြင့် အပစ်ခံရသူ ကျားကွင်းကျေးရွာအုပ်ချုပ်ရေမှူး မန်းရွှေသောင်းသည် စစ်ကောင်စီက ခန့်အပ်ထား သည့်အတွက် စစ်မှုထမ်းမည့်သူများအတွက် ငွေကြေးကောက်ခံခြင်း၊ အုပ်ချုပ်ရေးမှူးရုံးနှင့် ဆိုင်သည့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်များကိစ္စရပ်များ၊ ထောက်ခံစာ ထုတ်ပေးသည့် ကိစ္စရပ်များတွင် အခြားသော အုပ်ချုပ်ရေး မှူးများနည်းတူ ငွေကြေးတောင်းခံခြင်းများရှိသည်ဟု သိရသော်လည်း မည်သည့် အတွက်ကြောင့် ပစ်ခတ်ခံရ သည်ကိုမူ ရှင်းရှင်းလင်းလင်း အတည်ပြု၍ မရဖြစ်နေသည်။



















