မေလ ၂၆ ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ပျဉ်ပုံကျေးရွာအုပ်စု၊ သုံးခွရွာအနီးရှိ ဥယျာဉ်ခြံတစ်ခုတွင် စစ်ကောင်စီတပ်က မေလ ၂၄ ရက်နေ့မှာ လက်နက် ၆ လက် ဖမ်းဆီးရမိပြီး ဒေသခံအမျိုးသား နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား သောကြောင့် ယင်းဥယျာဉ်ခြံ၌လုပ်ကိုင်သူများ စိုးရိမ်ထိတ်လန့်နေကြသည်ဟု သိရသည်။
သုံးခွကျေးရွာမြောက်ဘက်ရှိ ခြံပိုင်ရှင် မန်းအချုံ၏ ဥယျာဉ်ခြံထဲတွင် လက်နက်များကို ဖမ်းဆီးရမိခြင်းဖြစ်ပြီး မြောင်းမြ ဒေသခံမဟုတ်သည့် သံသယရှိသူ အမျိုးသား နှစ်ဦးကို မြောင်းမြမြို့အခြေစိုက် အမှတ်(၉၃) ခြေလျင် တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
“နီးစပ်ရာ ဒေသခံတွေကိုလိုက်မေးတာ တချို့အဖြေမတူတာတွေလည်း ရှိတယ်။ တချို့ကြနှစ်ယောက်ဖမ်းမိ တယ်ပြောတယ်။ တချို့က လေးယောက်ဖမ်းမိတယ်တဲ့။ စစ်ကောင်စီနဲ့နီးစပ်တဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်ရဲ့ ပြောကြား ချက်အရ သေနတ် ၆ လက် လူနှစ်ယောက်ဖမ်းမိလို့ သိထားရပါတယ်။ လက်ရှိမှာတော့ ဥယျာဉ်ခြံထဲမှာ တဲဆောက်ပြီး ပြောင်းရွှေ့နေထိုင်ကြတဲ့ သုံးခွ၊ စမ်းချောင်းလေး၊ ရေဆန်း၊ ကျောက်တန်းစတဲ့ကျေးရွာက လူတွေတွေလည်း စိုးရိမ်မှုတွေရှိနေပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ အဖမ်းခံလိုက်ရသူများမှာ မြောင်းမြဘက်ကို မကြာသေးခင်တုန်းကမှပြောင်းရွှေ့လာကြသည့် ကျုံပျော်၊ ရေကြည်ဘက်က မိသားစုဝင်များဖြစ်သည်ဟု ကနဦးသိရှိရသည်။ ၎င်းတို့နှင့်ဆက်စပ်ပါဝင်နိုင်သူများကို ဆက်လက် ရှာဖွေဖမ်းဆီးမည်ဟူသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်ကြောက်ရွံ့နေကြသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။
ယခုလို ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် ဥယျာဉ်ခြံအတွင်း လက်နက်ဖမ်းဆီးရမိသည့် ဖြစ်စဉ်ကြောင့် ၎င်းဒေသရှိ ဒေသခံများအနေဖြင့် ဥယျာဉ်ခြံသို့ မသွားရဲကြတော့ဘဲ နေအိမ်ရှိရာ ကျေးရွာများမှာ ပြန်လာနေကြ ပြီး ဥယျာဉ်ခြံအတွင်း တဲအိမ်များတွင် ကျန်ရစ်ပစ္စည်းများ ပျောက်ဆုံးမည်ကိုလည်း စိုးရိမ်ကြရသည်ဟု ဆိုသည်။
လက်နက်ဖမ်းဆီးရမိချိန်တွင် စစ်ကောင်စီဘက်က သေနတ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သလို လက်ရှိအချိန်တွင် ညအချိန်ကင်းစောင့် ဖမ်းဆီးမှုများ ပြုလုပ်နေသောကြောင့် သွားလာရန်လည်း စိုးရိမ်နေကြရသည်ဟု ဒေသခံများက ပြောသည်။
လတ်တလောတွင် လက်နက်ဖမ်းဆီးရမိသည့် ခြံပိုင်ရှင် မန်းအချုံဆိုသူမှာ ရှောင်တိမ်းလွတ်မြောက်နေဆဲ ဖြစ်ပြီး ချွေးမဖြစ်သူကို စစ်တပ်က ခေါ်ယူစစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။ ယခုလို ဖမ်းဆီးရမိမှုမှာလည်း ညောင်ချောင်းလေး ကျေးရွာကို လာရောက် ပြောင်းရွှေ့နေထိုင်သူ စစ်တပ်အသိုင်းအဝိုင်းက အမျိုးသမီးတစ်ဦး၏ သတင်းပေးမှုကြောင့်ဖြစ်သည်ဟု ဒေသခံများက ထင်ကြေးပေးပြောဆိုနေကြသည်။
မြောင်းမြမြို့နယ်တွင် ယခင်က စစ်တပ်ထောက်ခံသူများ၏ သတင်းပေးမှုကြောင့် တောနင်းရှာဖွေမှုများ ရှိခဲ့ သော်လည်း ယခုလို လက်နက်ဖမ်းဆီးရမိမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ အဆိုပါ ဖမ်းဆီးရမိသည့် လက်နက်အမျိုးအစားများကို ကေအိုင်စီအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။



















