မေ ၃၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များတွင် စစ်သား ၁၀၀ ဦးတွင် ၉၀ ဦးခန့်သည် တပ်မှ ထွက်ပြေးချင်နေသည်ဟု ကော့ကရိတ်၊ ဒေါနတပ်ရင်း၊ ဗျူဟာ-၃၃ သို့ လက်နက်နှင့်အတူ အလင်းဝင်လာသူ တပ်သားတစ်ဦးက ဖွင့်ဟပြော သည်။
တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း(ခမရ-၅၅၈)တပ်ရင်းမှ အတင်းအဓ္ဓမ စစ်မှုထမ်းလူစု စေခိုင်းခံရသူ တပ်သား၂ ဦးက လက်နက် ၁ လက် ဖြင့် ဒေါနတပ်ရင်းထံ မေ ၂၉ ရက်တွင် အလင်းဝင်ဘက်ပြောင်း ခိုလှုံလာခဲ့ခြင်းဖြစ်ပြီး တပ်သားတစ်ဦးက အလင်းဝင်ရခြင်းနှင့် တပ်တွင်းအခြေအနေကို ယခုလို ပြောသည်။
“စစ်သား အယောက် ၁၀၀ မှာ ၁၀ ယောက်ခန့်ပဲ တပ်ထဲနေချင်တယ်။ အယောက် ၉၀ လောက်က ထွက်ပြေး ချင်နေ ကြတယ်။ စစ်တပ်အထဲမှာ ထိန်းချုပ်မှုလွန်ကဲပြီး အပြစ်ပေးစနစ်ကို ပိုတင်းကြပ်ထားတဲ့အတွက် တပ် အတွင်းမှာ လုံခြုံမှုနည်းလာတယ်” ဟု ၎င်းတပ်သားက ပြောသည်။
ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်ထံ အလင်းဝင်ပါက ထမင်းကျွေးပြီနောက် အသတ်ခံရမည်ဟု ၎င်းတို့ ဗိုလ်မှူးက ဝါဒဖြန့် ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ဘက်ပြောင်းခိုလှုံလာသူများဖြစ်သည့် တပ်သားသစ် ရန်လင်းထွန်းနှင့် နေသူအောင်တို့သည် ဗျူဟာ (၃၃) နယ်မြေ အတွင်းရှိ ဒေါနတပ်ရင်းထံသို့ MA3 သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည်၂၅ တောက် အပ်နှံအလင်းဝင် ခဲ့ခြင်း ဖြစ်သည်။
ယခုလို အလင်းဝင်လာသူ တပ်သား ရန်လင်းထွန်းသည် ညဘက်အပြင်သွားလာနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် များက အတင်းအဓမ္မတပ်သားသစ် အဖြစ် စုဆောင်းခံခဲ့ရသူဖြစ်ပြီး တပ်သား နေသူအောင်သည် Taxi အငှားယာဉ်မောင်းစဉ် ခရီးသည်ပို့ပြန်လာချိန်တွင် အလားတူ အဓမ္မ တပ်သားစုဆောင်းခံရသည်ဟု ၎င်းတို့ အသီးသီးက ပြောသည်။
ထို့အပြင် ဗျူဟာ ၃၃ စစ်ဆင်ရေးမှူးမှလည်း CDM အလင်းဝင်ရောက်လာသူများကို နွေးထွေးစွာကြိုဆိုလက်ခံပြီး ကျန်ရှိနေသော တပ်သားများလည်း ပြည်သူနှင့် အမြန်ဆုံး ပူပေါင်းကြပါရန် တိုက်တွန်းပြောဆိုသည်။ အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြောင့် အဓမ္မတပ်သားစုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်မှ ရပ်တည်လိုသူ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက် အလင်းဝင်ရန် ဖိတ်ခေါ်ထားသည်။



















