Home သတင်း ရန်ကုန်-မော်လမြိုင်လမ်းမဘေးရှိ ကျေးရွာများကို စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ဒေသခံများတိမ်းရှောင်

ရန်ကုန်-မော်လမြိုင်လမ်းမဘေးရှိ ကျေးရွာများကို စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ဒေသခံများတိမ်းရှောင်

392
Photo: CJ

မေ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေ၊ တပ်မဟာ(၁)၊ သထုံခရိုင်နယ်မြေ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးနံဘေးရှိ ကျေးရွာများကို ယခုရက်ပိုင်း စစ်ကောင်စီစစ်ကြောင်းထိုး၊ လက်နက်ကြီးများပစ်ခတ်နေ၍ ဒေသခံများရှောင်တိမ်းနေရကြောင်း ကေအဲန်ယူထံမှ သိရသည်။

ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာအုပ်စု၊ ဝင်းကံကျေးရွာအုပ်စုနှင့် ဘီးလင်းမြို့နယ် အလူးကျေးရွာအုပ်စုဘက်တွင် ပြီးခဲ့သည့် ဧပြီလတစ်လလုံး စစ်တပ်ကလက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ရုံသာမက ယခုရက်ပိုင်းတွင်လည်း အင်အားအများအပြားသုံးကာ စစ်ကြောင်းလှည့်လည်လာသဖြင့် ရှောင်တိမ်းကြရခြင်းဖြစ်သည်ဟု ကေအဲန်ယူ သထုံခရိုင် ဥက္ကဌ က ပြောသည်။

“စစ်တပ်က နေ့တိုင်း လက်နက်ကြီးပစ်တယ်။ မြို့နဲ့နီးတဲ့ သူအချို့ကတော့ မြို့ထဲ ပြေးကြတယ်။ အချို့က တောတောင် နီးစပ်ရာတွေမှာ ပြေးကြတာပေါ့။ ဝင်းကံနဲ့ခရွဲအုပ်စုတွေကတော့ အားလုံးနီးပါးထွက်ပြေးကြတယ်။ အလူးကျေးရွာအုပ်စုကတော့ တချို့တလေမပြေးဘဲအိမ်စောင့်နေတာ ရှိသေးတယ်” ဟု ခရိုင်ဥက္ကဋ္ဌက ယနေ့တွင် ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီ၏ထောက်ပို့လမ်းကြောင်းလည်းဖြစ်သည့် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် စစ် ကောင်စီက စစ်ကြောင်းလှည့်လည်ခြင်း၊ ကင်းပုန်းဝပ်နေခြင်းအပြင် မော်တော်ယာဥ်များအသုံးပြု ဖြတ်သန်းသွားလာခြင်း မကြာခဏပြုလုပ်သဖြင့် ယခင်က တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း အလူးလေးကျေးရွာအုပ်စုကိုဖြတ်ကာ ကားလမ်းမကြီးနံဘေး ကင်းပုန်းဝပ်ရန် အင်အား ၈၀-၁၀၀ ကြား စစ်ကောင်စီစစ်ကြောင်းက တစ်ရက်ခြားတစ်ခါ ဝင်ရောက်လာခြင်းရှိသည့်အတွက် သတိဖြင့်သွားလာလှုပ်ရှားနေရသည်ဟု စစ်ကောင်စီအုပ်စုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ဒီနေ့ပဲလာနေတာ။ ကင်းပုန်းဝပ်ပေါ့ လမ်းဘေးပေါ့ တနေကုန်ပဲ။ ဒါကအမြန်လမ်းဆိုတော့ ဒီလမ်းပဲရှိတာကိုး။ တစ်ရက်ခြားတစ်ခါလောက်လာတယ်။ ဒီနေ့လာပြီးမနက်ဖြန်မလာတော့ဘူး သူလာတာပုံမှန်ပဲ။ တို့တွေလည်းသွားလာနေတာပဲ အသံဗလံကြားရင်တော့ဂရုစိုက်ပြီးနေရတာပေါ့။ တို့တွေလည်းရိုးနေပါပြီ။ စီးပွားရေးလည်း ဒီလိုပဲအခြေအနေကြည့်ပြီးလုပ်ကိုင်နေရတာပဲ။” ဟု အဆိုပါဒေသခံက ယမန်နေ့(မေ ၁၂ ရက်နေ့)က ပြောသည်။

လတ်တလော ရှောင်တိမ်းနေရသည့် ကျေးရွာအုပ်စု သုံးခုပေါင်း စစ်ရှောင်စာရင်းကိုမူ ကေအိုင်စီအနေဖြင့် ဆက်လက်မေးမြန်းလျက်ရှိသည်။

ကရင်ပြည်တွင်း ဌာနေစွန့်ခွာရသူများဆိုင်ရာကော်မတီ-CIDKP ၏ စာရင်းအရ အာဏာသိမ်းမှုဖြစ်ပွားပြီး ယခု ၂၀၂၅ ခုနှစ် မတ်လကုန်အထိ သထုံခရိုင်တွင် စစ်ဘေးရှောင်(IDP) ဦးရေ ၁သိန်း၄သောင်းကျော်ရှိသည်။ ပြီးခဲ့သည့် ဧပြီလပိုင်းတွင်လည်း သထုံခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသည့်တိုင် စစ်ကောင်စီက လူထုနေထိုင်သည့်ကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှု သိသိသာသာလုပ်ဆောင်နေကြောင်း ကေအဲန်ယူ-တပ်မဟာ ၁ ၏ စာရင်းများက ဖော်ပြသည်။