မေလ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ စစ်ကောင်စီ၏ လက်အောက်ခံ ပျူစောထီးခေါင်းဆောင် နှစ်ဦးနှင့် အဖွဲ့ဝင်တစ်ဦးတို့ကို မေလ (၆) ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မြိတ်ခရိုင်တပ်ရင်း(၁)က ယနေ့ ထုတ်ပြန်ထားသည်။
ပစ်ခတ်မှုအတွင်း သေဆုံးသွားသည့် ပျူစောထီးများသည် ပုလောကုန်းကျေးရွာနေ ပျူစောထီး ခေါင်းဆောင် ဦးကုလားနီ၊ ပလမြို့ ပျူစောထီးခေါင်းဆောင် ဦးကျော်သူရနှင့် ပုလောမြို့ အမှတ် ၂ ရပ်ကွက်၏ ပျူစောထီး ကိုသန်းနိုင်တို့ ဖြစ်ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
ပြီးခဲ့သည့် မေလ (၆) ရက်နေ့ ညနေ (၅) နာရီခွဲခန့်တွင် အဆိုပါ ပျူစောထီး ၃ ဦးသည် ပုလောမြို့ပေါ် အမှတ် ၂ ရပ်ကွက်ရှိ ဆန်းဝင်းဆိုသည့် အရက်ဆိုင်၌ ဝိုင်းဖွဲ့သောက်စားနေစဥ် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ မြိတ်ခရိုင် PDF အမှတ် ၁ တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ယခုလို ပြောသည်။
“ ပြီးခဲ့တဲ့ ၂ နှစ် ပလတို၊ သင်္ကန်းတော၊ တံရှည်ရွာက တိုက်ပွဲတွေမှာ ရွာလုံးကျွတ်နေအိမ် မီးရှို့ခံရတာ အဓိက လုပ်ခဲ့တဲ့သူတွေပါ။ ၂၀၂၁ တော်လှန်ရေးစကတည်းက သူတို့ တော်တော်ဆိုးဆိုးရွားရွားတွေ လုပ်ခဲ့တယ်။ ကျနော်တို့ အခြေအနေ စောင့်ကြည့်နေတာ ကြာပြီး အခုမှပဲ ရှင်းလင်းနိုင်တယ်။ ဖြစ်ပြီးတော့ စစ်တပ်တွေဘက်ကပဲ အလောင်းတွေကို လာရှင်းသွားတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ပစ်ခတ်မှု ဖြစ်စဥ်အတွင်း ပျူစောထီး သုံးဦးထံမှ သေနတ်တစ်လက်နှင့် ကျည်ဆန်တချို့ နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းနှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ထိုပစ်ခတ်ရှင်းလင်းခြင်းကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ၎င်းပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။
အဆိုပါ ပျူစောထီး ၃ ဦးသည် အရပ်သားပြည်သူများကို ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ဖမ်းဆီးခြင်း၊ ဂိတ်ကြေးကောက်ခြင်း၊ လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းခေါ်ဆောင်ခြင်းများ လုပ်ဆောင်ခဲ့ခြင်း အပြင် ပုလောမြို့တွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးကြသည့် အဓိက တရားခံများလည်း ဖြစ်ကြောင်း မြိတ်ခရိုင် ပကဖက ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
အလားတူ ဧပြီလတွင်လည်း တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးစခန်းကို ဒေသအခြေစိုက်တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ခေါင်းဆောင် တစ်ဦး သေဆုံးခဲ့သေးကြောင်း မြိတ်ခရိုင်ပြည်သူ့ ကာကွယ်ရေး-ပကဖထံမှ သိရသည်။



















