မေ ၁၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ဒေသခံပြည်သူများ လုံခြုံရေး အာမခံချက်ရရှိရေးအတွက် စစ်ကောင်စီ၏ ထီးခီးစစ် အခြေစိုက် စခန်းကို ပြန်လည်ထိန်းချုပ်ရခြင်း ဖြစ်သည်ဟု ကေအဲန်ယူ-တပ်မဟာ (၄)က မေ ၉ ရက် နေ့ ညပိုင်း တွင် ထီးခီးနယ်စပ် တစ်လျှောက်ရှိ ပြည်သူများကို ပန်ကြားချက်တစ်စောင် ထုတ်ပြန် ပြောဆိုလိုက်သည်။
နှစ်ပေါင်း ၂၈ နှစ်ကြာ စစ်ကောင်စီ တပ်စွဲထားသည့် ထီးခီးစစ်စခန်း ပြန်လည်ရရှိရန်အတွက် ကေအဲန်ယူ တပ်မဟာ(၄) အနေဖြင့် မေလ ၂ ရက်နေ့မှစ၍ ဖြစ်ပွားခဲ့သည့် ထီးခီးဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်၍ ထိုင်း ပြည်သူများကို ထိုင်း-မြန်မာ- အင်္ဂလိပ် သုံးဘာသာဖြင့် ဖော်ပြထားသည့် စာ၌ ယခုလို ပြောဆိုထားခြင်း ဖြစ်သည်။
မိမိတို့ ကေအဲန်ယူနှင့် စစ်ကောင်စီကြား စစ်ရေးတင်းမာမှုအခြေအနေကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်နိုင်ချေ နှင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကို လေနက်စွာသုံးသပ်ခဲ့ကာ ထိခိုက်နိုင်ချေ လျော့ချနိုင်မည့် နည်းလမ်း များကိုလည်း ၎င်းတို့အနေဖြင့် အစွမ်းကုန်စီမံခဲ့သည်ဟု တပ်မဟာ-၄ က ပန်ကြားစာ၌ ပြောဆိုထားသည်။
ထို့အပြင် ၎င်းတို့အနေဖြင့် အတိတ်နှင့် ပစ္စုပ္ပန်ကာလအတွင်း ထိုင်း ပြည်သူများနှင့် သဟဇာတ ဖြစ်ကာ နေထိုင်ခဲ့ ကြသလို နောင်အနာဂါတ်တွင်လည်း အိမ်နီးချင်းကောင်းပီသစွာ ခင်မင်ရင်းနှီးမှုဖြင့် နေထိုင်သွားရန် ကတိပြုသည်ဟု ကေအဲန်ယူဘက်က ပြောဆိုထားသည်။

ထို့အပြင် ထိုင်းနိုင်ငံနယ်စပ် တနင်္သာရီတိုင်း ထားဝယ်အထူးစီးပွားရေးဇုံ နှင့် ပဲခူးဒေသအလယ်ပိုင်းတို့တွင် စစ်ကောင်စီက ရုရှားနည်းပညာဖြင့် ၁၁၀ မဂ္ဂါဝပ် အနုမြူ ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်သတင်းကြောင့် ထိုနယ်စပ်တွင်နေထိုင်သည့် ပြည်သူလူထုများသည် လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းမှုနှင့် ကောင်းမွန်သည့် ဘဝနေထိုင်မှုအတွက် စိုးရိမ်ပူပန်မှုမြှင့်တက်လာခဲ့ရသည်ဟု ကေအဲန်ယူဘက်က ဆိုသည်။
ပြည်သူလူထုများသည် မိမိကံကြမ္မာ ဖန်တီးခွင့်နှင့် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများမှ လွတ်မြောက် စေရေး အတွက်ကိုလည်း စစ်ကောင်စီအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း ကေအဲန်ယူ ဘက်ကဆိုသည်။
တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ထီးခီးနယ်စပ် စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲတွင် KNU/KNLAတပ်မဟာ(၄)နှင့် အတူ စွမ်းစွမ်တမံ တိုက်ပွဲဝင်ခဲ့သည့် မဟာမိတ်တော်လှန်ရေး အင်အားစုများနှင့်အတူ အောင်ပွဲရရှိန်ရန် နည်းပညာအပိုင်းဖြစ်စေ ဘဏ္ဍာငွေအားဖြင်စေ ပံ့ပိုးကူညီသူများနှင့် တိုက်ပွဲဝင်ရဲဘော်များ ဘေးကင်းရန်အတွက် ဆုတောင်း မေတ္တာပို့ပေးသူများအားလုံး ဂုဏ်ပြု မှတ်တမ်းတင်ကြောင်းလည်း ကေအဲန်ယူ မြိတ်-ထားဝယ် ခရိုင် ကထုတ်ပြန် ပြောဆိုသည်။
ထိုဒေသရှိ စစ်ကောင်စီ ထီးထာဗျူဟာကုန်းစခန်းကိုလည်း ဧပြီလ ၁၉ ရက်နေ့တွင် KNLA တပ်မဟာ(၄)နှင့်အတူ မဟာမိတ် တော်လှန်ရေး အင်အားစုများမှ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီက ထီးခီးနယ်စပ်တွင် လေကြောင်း တိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူများ ထိုင်းနယ်စပ်သို့ တိမ်းရှောင်ခဲ့ရမှုများ လည်း ရှိခဲ့ကြောင်း သိရသည်။



















