Home သတင်း ဒီပဲယင်းအိုးထိမ်းကွင်းရွာ စာသင်ကျောင်းကို ဆင့်ပွားပေါက်ကွဲစေသည့် ဗုံးပဒေသာအသုံးပြု ကြဲချခဲ့ဟု NUG ပြော

ဒီပဲယင်းအိုးထိမ်းကွင်းရွာ စာသင်ကျောင်းကို ဆင့်ပွားပေါက်ကွဲစေသည့် ဗုံးပဒေသာအသုံးပြု ကြဲချခဲ့ဟု NUG ပြော

275
Photo: Social Media

မေ ၁၃ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်တိုက် လေယာဉ်ဖြင့် ဗုံးပဒေသာ(Cluster) ဗုံးကို အသုံးပြုကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက မေ ၁၃ ရက် ယနေ့တွင် ထုတ်ပြန်ပြောဆိုသည်။

ယမန်နေ့ မေ ၁၂ ရက်၊ နံနက် ၉ နာရီဝန်းကျင် အချိန်ခန့်တွင် အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်း၌ အတန်း တင် စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေချိန် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု NUG ၏ ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

အဆိုပါ ဂျက်တိုက်လေယာဉ်သည် မိတ္ထီလာမြို့ ရှမ်းတဲလေတပ်စခန်းမှ ဗုံးကြဲတိုက်လေယာဉ် တစ်စင်းဖြစ်ပြီး ဆင့်ပွါး ပေါက်ကွဲစေတတ်သည့် (Cluster) ဗုံး ၂ လုံး အသုံးပြုခဲ့ကာ ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင် သက်သေများ၏ထွက်ဆိုချက် အပါအဝင် ကျန်ရှိခဲ့သည့် ဗုံးခွံများအရ သိရှိခဲ့ရခြင်း ဖြစ်ကြောင်း NUG က ပြောဆို သည်။

ယခုလို စစ်ကောင်စီ၏ ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အတန်းတင်စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေ သည့် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးနှင့် ဆရာမ နှစ်ဦး စုစုပေါင်း ၂၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို ၄၀ ဦး ကျော် ထိခိုက်ဒဏ်ရာများ ရရှိသွားသည်။

Photo: Social Media

ထို့အပြင် အပြစ်မဲ့ ကလေးငယ်ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို လေကြောင်းမှ တိုက်ခိုက်ရန် အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံမြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံးကို ထိုက်ထိုက် တန်တန် အရေးယူအပြစ်ပေးသွားမည်ဟု NUG ပညာရေးဝန်ကြီးဌာနက ပြောသည်။

ကျူးလွန်သူများကို မည်သည့်အကြောင်းကြောင်းကြောင့်မှ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေး ကမ္ဘာကြေသော် လည်း ဥဒါန်းကျေမည်မဟုတ်ဘဲ ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ရေး စုံစမ်းရှာဖွေ ဖော်ထုတ်သွားမည်ဟု အဆိုပါ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ပြင်းပြင်းထန်ထန် ပြောဆိုထားသည်။

၎င်းအပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ထိရောက်အကျိုးရှိသော တားဆီးအရေးယူမှုများကို ဆောင် ရွက်ပြီး ကလေးငယ်များအတွက် လုံခြုံစွာပညာသင်ယူခွင့်နှင့် ဘေးကင်းလုံခြုံသည့် ကျောင်းများ ပေါ်ပေါက်လာ ရေး အားဖြည့်ပံ့ပိုးရန် တာဝန်ရှိသည်ဟု NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်၌ မှတ်ချက် ပြုထားသည်။

စစ်ကောင်စီသည် ယခု မေ ၆ ရက်မှ ၃၁ ရက်နေ့အထိ ယာယီအပစ်ရပ်စဲကြောင်းထုတ်ပြန်ထားသော်လည်း နိုင်ငံ တစ်ဝန်းမှာ နေ့စဥ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ခြင်း များကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်လုပ်ဆောင် လျက်ရှိနေကြောင်း သိရသည်။

Photo: Social Media