မေလ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၂)နယ်မြေ/တောင်ငူခရိုင်၊ ထန်းတစ်ပင်မြို့နယ်၊ ရှာစေးဘိုကျေးရွာအုပ်စု၊ ဇီးဖြူကုန်းရွာတွင် ညကင်းပတ်နေသော စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ခြံမှ နေအိမ်ပြန်လာသော ကရင်လူငယ်တစ်ဦး သေဆုံးသွားခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ (၁၁)ရက်နေ့ ညအချိန်တွင် အရက်သေစာသောက်စားထားပြီး ကင်းပတ်စစ်ဆေးမှု များလုပ်ဆောင်နေသည့် ရှားစေးဘို အခြေစိုက်တပ်စခန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အကြောင်းပြချက်မရှိဘဲ ထိုလူငယ်၏ အိမ်အပြန်လမ်းတစ်နေရာ၌ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြိုခံအမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “ သူက အဲ့ည (၁၁) နာရီလောက် ခြံထဲကနေ အိမ်ကို ပြန်လာရင်း မူးကြိုကျောင်းရှေ့မှာ အဲ့ အဖွဲ့နဲတိုးတော့ အကြောင်းမရှိဘဲ သေနတ်နဲ့ ပစ်သတ်ခံရတာ။ ရှားစေးဖိုစခန်းကနေ အသစ် ပြောင်း လာခါစ အဖွဲ့တွေ အဲ့ဒီညက တအားမူးပြီး သောင်းကျန်းတယ်လို့ ကြားတယ်။ အခုနောက်ပိုင်း ညတိုင်းအဲ့အဖွဲ့က ကင်းလှည့်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
၎င်း အပစ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါ သေဆုံးသွားသော လူငယ်၏ ရုပ်အလောင်းအား ဖြစ်စဥ်ဖြစ်ပွားသည့် လမ်းနေရာတွင်ပစ်ထားခဲ့ပြီး သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထိုမြို့ခံအမျိုးသမီးက ဖြည့်စွက်ပြောသည်။
အဆိုပါ သေနတ်ဒဏ်ရာနှင့်အတူ သေဆုံးသွားသူလူငယ်သည် ဇီးဖြူကုန်းရွာသို့ ခေတ္တလာ ရောက်လည်ပတ်ခြင်းသာဖြစ်ပြီး သူ၏ ရုပ်အလောင်းကို မိသားစုဝင်များက သွားရောက် သယ်ဆောင်ခဲ့သည်ဟု မြို့ခံလူထုထံမှ သိရသည်။
လက်ရှိတွင် သေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ စုံစမ်းမှုများ လုပ်ဆောင်လျက်ရှိမရှိကို ကေအိုင်စီ အနေဖြင့် စုံစမ်းမှုပြုနေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ရှားစေးဘိုစခန်း အခြေစိုက် စစ်ကောင်စီတပ် ခြေလျင် တပ်ရင်း ခလရ-၃၀၆ မှ လက်နက်ကြီးတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ရာ ထန်းတပင်မြို့နယ်ရှိ ထိုလွီဝါးအထက်တန်းကျောင်းမှ ဘော်ဒါဆောင်နေ ကျောင်းသူ ၃ ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာများ ရရှိခဲ့သေးသည်။