မေ ၁၃ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်၊ ကျုံဒိုးဒေသအတွင်းရှိ ကျေးရွာများသို့ စစ်ကာင်စီ အခြေချတပ်ရင်းများက လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား ကလေးငယ်တစ်ဦး အပါအဝင် ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားသည်ဟု ကျေးရွာ ကျန်းမာရေးတာဝန်ရှိသူက ပြောသည်။
အဆိုပါ ဖြစ်စဉ်များမှာ မေ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ကျုံဒိုးမြို့ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၅၄၆ တပ်က နောက်တမံကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းရှိ အရပ်သား ပြည်သူ ကလေးတစ်ဦး သေဆုံးပြီး လူကြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် မေ ၁၁ ရက်နေ့ ညနေပိုင်းတွင် ကော့ကရိတ်မြို့နယ်၊ နောင်နိုင်း ကျေးရွာသို့ စစ်ကောင်စီက ဒရုန်းဗုံးချ တိုက်ခိုက်ခဲ့ရာ အသက် ၅၀ နှစ်အရွယ် လူကြီးတစ်ဦး သေဆုံးသွားသလို ကျေးရွာသား ၃ ဦးသည်လည်း ထိခိုက် ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေသည်ဟု ကျန်းမာရေး တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။
“မေ ၁၁ ရက်နေ့မှာ နောင်တမံရွာက ကလေးတစ်ယောက်ဆုံးတယ်။ လူကြီး ၂ ယောက် ဒဏ်ရာရတယ်။ စစ်ကောင်စီ ခမရ ၅၄၆ က လက်နက်ကြီးနဲ့ ရွာထဲကို ပစ်တာပါ။ နောက်ပြီး ညနေပိုင်းမှာ ကော့ကရိတ် နောင်နိုင်းရွာကို ဒရုန်းဗုံးချတိုက်ခိုက်ခံရတာ လူကြီးတစ်ယောက်ဆုံးတယ်။ နောက်တစ်ခေါက် ဒရုန်းလာချတော့ ရွာသား ၃ ယောက်ထိတယ်။ ဆေးကုသပေးနေပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ကော့ကရိတ်၊ ကျုံဒိုးလမ်းပိုင်းတစ်လျှောက်ကို စစ်ကောင်စီ တပ်ဘက်ကပြန်လည်စိုးမိုးနိုင်ရေး မြေပြင် စစ်ကြောင်းထိုးလာမှုမရှိသော်လည်း အထိုင်တပ်ရင်းများမှ လက်နက်ကြီး၊ ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်နေပြီး ကင်းထောက် လေယာဉ် ပျံဝဲ တိုက်လေယာဉ်ဖြင့် ပစ်ကူးဗုံးကြဲမှု အာရှလမ်းမ နေရာများတွင် ဆက်ရှိနေသည်ဟု သိရသည်။
ကော့ကရိတ်စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က “မေလ ၁ ရက်၂ ရက်က ကျုံဒိုး ကျွန်းကလေးကထွက်တဲ့ စကစ စစ်ကြောင်းလူ ၃၀ လောက်ကျပြီး တပ်လှန်ပြန် ဆုတ်ရကတည်းက မြေပြင်လှုပ်ရှားစစ်ကြောင်း ထွက်မလာတော့ဘူး။ လေယာဉ်ကင်းထောက်၊ ဒရုန်းကင်း ထောက် တက်တယ်။ လက်နက်ကြီးပစ်တယ်။ ညဆိုဂျက်ဖိုက်တာ ဗုံးကြဲတယ်။ ဒါမျိုးဘဲတိုက်နေတယ်၊ အာရှ လမ်းဘက်တွေ လေယာဉ်ကြဲချတယ်” ဟု ပြောသည်။
ထိုသို့စစ်ရေးတင်းမာမှု ဆက်ရှိနေသည့် ကော့ကရိတ် ၊ ကျုံဒိုး၊ တောင်ကြာအင်း ဒေသအတွင်းရှိ ကော့ကရိတ် မြို့တွင်း၊ မြို့ပြင်နေရာများတွင် KNLA မဟာမိတ်ပူး ပေါင်းတပ်များနှင့် စစ်ကောင်စီ၏ ကာကင်းစခန်းများ၊ ခလရ ၉၇ တပ်ရင်းနေရာများဘက်၌ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့် လက်နက်ကြီးပစ်ခတ်သံများ ယနေ့ မေ ၁၃ ရက် မနက်ပိုင်းတွင် ကြားနေရ သည်ဟု အဆိုပါ စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။