Home သတင်း နှစ် ၄၀ ပြည့် အခမ်းအနား၌ မိတ်ဖက်အဖွဲ့ ၅၄ ဖွဲ့နှင့် အမျိုးသမီး ၄၉ ဦးကို KWO ဂုဏ်ပြု

နှစ် ၄၀ ပြည့် အခမ်းအနား၌ မိတ်ဖက်အဖွဲ့ ၅၄ ဖွဲ့နှင့် အမျိုးသမီး ၄၉ ဦးကို KWO ဂုဏ်ပြု

651

ဧပြီ ၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသမီးအစည်းအရုံး-KWO ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၄၀ ပြည့် နှစ်ပတ်လည် အခမ်းအနား၌ မိတ်ဖက် အဖွဲ့အစည်း ၅၄ ဖွဲ့နှင့် အဖွဲ့အတွင်း ဦးဆောင်မှုနေရာ၌ ၁၀ နှစ်အထက် ပါဝင်ခဲ့သူ အမျိုးသမီး ၄၉ ဦးကို မှတ်တမ်း တင် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဧပြီ ၅ ရက်နေ့တွင် ကျရောက်သည့် KWO ဖွဲ့စည်းပုံဖြင့် စနစ်တကျခိုင်ခိုင်မာမာ ပြန်လည်ဖွဲ့စည်းခဲ့သည့် နှစ် ၄၀ ပြည့် နှစ်ပတ်လည်အခမ်းအနားကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ စီမံအုပ်ချုပ်နယ်မြေ တစ်နေရာ၌ ကျင်းပခဲ့ပြီး မိတ်ဖက်အဖွဲ့အစည်း ၅၄ ဖွဲ့နှင့် မြို့နယ်၊ ခရိုင်နှင့် ဗဟိုအဆင့်တို့တွင် ၁၀ နှစ်အထက်ဦးဆောင် ပါဝင်ပေးခဲ့သူ အမျိုးသမီး ၄၉ ဦးကို ဂုဏ်ပြုလက်မှတ်များ ထိုသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယခုလို ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခံရသူများမှာ ၁၀ နှစ်အထက်ပါဝင်သူ ၆ ဦး၊ ၁၅ နှစ်အထက် ၂၆ ဦး ၂၀ နှစ်အထက် ၁၂ ဦး၊ ၂၅ နှစ် အထက် ၃ ဦးနှင့် ၃၀ နှစ်အထက် ၂ ဦး တို့ကို ဂုဏ်ပြုလက်မှတ်များ KWO က ပေးအပ်ခဲ့သည်။

၎င်းအပြင် KWO စည်းရုံးနယ်မြေအတွင်း ရပ်ရွာဒေသအတွက် ကျရာအခန်းကဏ္ဍတွင် ဦးဆောင်မှုအပိုင်းတွင် နှစ်ပေါင်းများစွာကြာ ပါဝင်လုပ်ဆောင်ပေးခဲ့သည့် အမျိုးသမီး ၈ ဦးကိုလည်း သီးခြားဂုဏ်ပြု ပေးခဲ့ကြောင်း သိရသည်။

“သူတို့က ပေးဆပ်လုပ်ဆောင်လာတာနှစ်ပေါင်းကြာပြီး ဘယ်သူမှသူတို့ကို အသိမှတ်ပြု ဂုဏ်ပြု ပေးတာ မရှိဘူး။ အဲဒါကြောင့် သူတို့ကို ကျမတို့ ကရင်အမျိုးသမီးအစည်းအရုံးက အသိမှတ်ပြု ဂုဏ်ပြုတာ ဖြစ်တယ်” ဟု KWO ဥက္ကဋ္ဌ နော်ကညောဖောက ကေအိုင်စီသို့ ပြောသည်။

နှစ် ၄၀ အတွင်း ကရင်အမျိုးသမီးများ တန်းတူညီမျှမှုရရှိရေးအတွက် များစွာလုပ်ဆောင်ပေးနိုင်ခဲ့သလိုရပ်ရွာ အဆင့်မှစတင်၍ ကေအဲန်ယူ ကွန်ဂရက်အထိ အမျိုးသမီးပါဝင်မှု အများအပြားရှိလာသည့် ရလဒ်ထွက်ပေါ် ခဲ့ကြောင်း၊ အလားတူ ကေအဲန်ယူ၊ ထိန်းချုပ်နယ်မြေအတွင်းရှိ မည်သည့် ဒေသမဆို အမျိုးသမီးနှင့် ကလေးများ အတွက် KWO က ခိုင်မာစွာ ရပ်တည်ပေးနိုင်နေပြီး ဖြစ်သည်ဟု ဥက္ကဋ္ဌနော်ကညောဖောက ဖြည့်စွက် ပြောသည်။

ကရင်အမျိုးသမီးအစည်းအရုံး-KWO သည် ကေအဲန်ယူ-ထိန်းချုပ်နယ်မြေ၊ ခရိုင် (၇) ခုတွင် ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့်ဆင့်ထိ အဖွဲ့ဝင်များ ရှိနေပြီးဖြစ်သည့်အပြင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း (၇)ခု တွင်လည်း KWO စည်းရုံးလှုပ်ရှားနေကြောင်း သိရသည်။

ကေအိုင်စီ-ကရင်သတင်းဌာန အယ်ဒီတာချုပ်ဖြစ်သူ နန့်ဖော့ဂေက “ကျမတို့ ကေအိုင်စီ သတင်းဌာနအနေနဲ့လည်း ကျမတို့ လုပ်ဆောင်ပေးနိုင်သလောက် လုပ်ဆောင်ပေးခဲ့တာ တွေကို ဒီနှစ် ၄၀ ပြည့်နေ့မှာ KWO ဂုဏ်ပြုတဲ့အထဲမှ ပါတဲ့အတွက် ဝမ်းသာမိတယ်။ ဌာနလုပ်ဖော်ကိုင်ဖက် အားလုံးကိုယ်စား ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ကျမတို့တွေက သီးသန့်နေလို့မရဘူး။ ဘယ်ကဏ္ဍမှာ လုပ်နိုင်လဲ၊ လုပ်နိုင်တဲ့အပိုင်း ပူးပေါင်းလုပ်ဆောင်မှု လုပ်ရမှာဖြစ်တယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။

ကရင်အမျိုးသမီးအစည်းအရုံးကို ကရင်တော်လှန်ရေးနှင့်အတူ ၁၉၄၉ ခုနှစ်ကတည်း က စတင်ဖွဲ့စည်းတည် ထောင်ခဲ့ပြီး ထိုစဉ်က စစ်ရေးအခြေအနေများကြောင့် ဖွဲ့စည်းမှု နေရာရွှေ့ပြောင်းရမှုများရှိခဲ့ပြီး အဖွဲ့သည်လည်း အားနည်းခဲ့ရသည်။ သို့သော် ၁၉၈၅ ခုနှစ်၊ ဧပြီ ၅ ရက်နေ့တွင် KWO ကို ဖွဲ့စည်းပုံဖြင့် ခိုင်ခိုင်မာမာ ပြန်လည် ဖွဲ့စည်းခဲ့ပြီး ယခုနှစ် ၄၀ ပြည့် ပြီးဖြစ်သည်။

ထိုနှစ် ၄၀ အတွင်း KWO က ကွယ်လွန်သူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်ကဲ့သို့ အမျိုးသမီးတော်လှန်ရေးခေါင်းဆောင်များ ပေါ်ထွက်ခဲ့သလို နယ်ပယ်စုံ ထင်ရှားသည့် အမျိုးသမီးခေါင်းဆောင်များ၊ မျိုးဆက်သစ် အမျိုးသမီးခေါင်ဆောင်များ မွေးထုတ်နိုင်ခဲ့ပြီး လက်ရှိ အဖွဲ့ဝင် ၇၀,၀၀၀ ဦး ကျော်ရှိပြီး ဖြစ်သည်။