Home သတင်း နယ်မြေအတွင်း စစ်ရေးအခြေအနေ ထူးခြားမှုရှိမည်မဟုတ်ဟု ကေအဲန်ယူပြော

နယ်မြေအတွင်း စစ်ရေးအခြေအနေ ထူးခြားမှုရှိမည်မဟုတ်ဟု ကေအဲန်ယူပြော

598

ဧပြီ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၌ ငလျင်ဒဏ်သက်ရောက်သည့် နယ်မြေနည်းပါးပြီး ထိခိုက်ပျက်စီးမှုလည်း နည်းသောကြောင့် စစ်ရေးအခြေအနေ ထူးခြားမှုတစ်စုံတစ်ရာရှိမည်မဟုတ်ကြောင်း ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောကလယ်စေးက ဧပြီလ ၂ ရက်နေ့တွင် ပြောသည်။

ပြီးခဲ့သည့်လကုန်ပိုင်းက အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူထုဆုံးရှုံးနစ်နာမှုများပြားပြီး ကယ်ဆယ် ရေးနှင့်ပြန်လည်ထူထောင်ရေး လိုအပ်ချက်ကြီးမားသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG အပါအဝင် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အချို့က စစ်တပ်နှင့် ယာယီအပစ်ခတ်ရပ်စဲရေး ထုတ်ပြန်ကြေညာထားသည်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ ခရိုင်ခုနှစ်တွင်မူ ငလျင်သက်ရောက်မှုနည်းပြီး ထိခိုက်ပျက်စီးမှုလည်း နည်းသောကြောင့် နယ်မြေတွင်း စစ်ရေးအခြေအနေ အပြောင်းအလဲမရှိသလို စစ်ကောင်စီဘက်ကလည်း ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ကေအဲန်ယူပြောခွင့်ရ ပဒိုစောကလယ်စေးက ကေအိုင်စီသို့ ပြောသည်။

“ကျနော်တို့ ကေအဲန်ယူဘက်ခြမ်းမှာတော့ ငလျင်ဒဏ်သင့်တဲ့ဒေသတွေက အင်မတန်မှနည်းပါတယ်။ ထိခိုက် ပျက်စီးမှုလည်းနည်းတဲ့အတွက် စစ်ရေးအခြေအနေက ဒီလိုပဲအပြောင်းအလဲမရှိဘူးလို့ နားလည်တယ်။ တဖက်မှာ လည်း စစ်ကောင်စီရဲ့လှုပ်ရှားမှုကို ပြန်ကြည့်ခြင်းအားဖြင့် ထူးခြားမှုမရှိဘူး။ သူတို့ပုံမှန်အတိုင်း ဆောင်ရွက်နေတာကိုတွေ့ရတယ်” ဟု ပဒိုစောကလယ်စေးက ဆိုသည်။

ကေအဲန်ယူ တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့တွင်မူ ငလျင်ကြောင့် အိမ်ထောင်စုရာနှင့်ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး အရေးပေါ်လိုအပ်ချက်ရှိနေသည်ဟု ကရင်အရပ်ဖက် လူမှုအဖွဲ့အစည်းအချို့က ထုတ်ပြန်ပြောထားသည်။ ကေအဲန်ယူဘက်ကလည်း တင်ပြလာသည့် အချက်အလက်ပေါ်မူတည်၍ ကူညီထောက်ပံ့သွားမည်ဟု ဆိုသည်။

ထို့အပြင် သဘာဝဘေးအန္တရာယ်သင့် ကာလအတွင်း KNU သထုံ၊ ညောင်လေးပင်၊ ကော့ကရိတ်၊ ဖာပွန် ခရိုင်တို့၌ အရပ်သားနေထိုင်ရာအရပ်သို့ တိုက်ပွဲမဖြစ်သော်လည်း စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများအား ပြုလုပ်ခဲ့ပြီး လူထိခိုက်သေဆုံးမှုလည်းရှိခဲ့သည်ဟု နယ်မြေအလိုက် ကေအဲန်ယူတာဝန်ရှိသူများနှင့် ဒေသခံများထံမှ သိရသည်။

ငလျင်လှုပ်ခတ်မှုအပြီး ၅ ရက်အကြာတွင်မူ ဧပြီ ၂ ရက်၊ ယမန်နေ့ညပိုင်းကစ၍ ဧပြီ ၂၂ ရက်နေ့အထိ ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေသည့် ကာလအတွင်း တော်လှန်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်ခတ်ရပ်စဲမည်ဟု စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။

ထိုကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်တပ်စခန်း ဌာနေနေရာများကို မတိုက်ခိုက်ရန်နှင့် ငြိမ်းချမ်းရေးပျက်ပြားစေမည့် အင်အားစုဆောင်းခြင်း၊ နယ်မြေချဲ့ထွင်ခြင်းတို့ မလုပ်ဆောင်ကိုပါ သတိပေးချက်အဖြစ် စစ်ကောင်စီက ထည့်သွင်းထားသည်။

စစ်ကောင်စီ၏အပစ်ရပ်ထုတ်ပြန်ချက်အပေါ် ကေအဲန်ယူပြောခွင့်ရ ပဒိုစောကလယ်စေးက “ကယ်ဆယ်ရေးအပိုင်းမှာဆို သူအများကြီးလုပ်ရမယ်။ မထင်မှတ်တဲ့အထိကို ထိခိုက်မှုများတယ်လေ။ အဲဒီထဲမှာဆိုရင် သူ့တပ်မိ သားစုဝင်တွေလည်း ပါတယ်လို့ သိရတယ်။ ဒါကြောင့် သူ့အနေနဲ့အရမ်းကို အကြပ်အတည်းရှိလို့ ဒီလိုအပစ်ရပ်တယ်ဆိုပြီးထုတ်တာ။ သူ့ရဲ့မူရင်းစိတ်သဘောထားကတော့ တိုက်ပွဲ ဆက်လက်ဆင်နွှဲမှာပဲ။” ဟု သုံးသပ်သည်။

အလားတူ မတ်လ(၃၀)ရက်နေ့မှ ဧပြီလ (၁၂)ရက်နေ့အထိ အပစ်ရပ်ကြေညာထားသည့် NUG ဘက်ကလည်း စစ်ကောင်စီ၏ထုတ်ပြန်ချက်သည် အဖြစ်သဘောသာရှိပြီး လက်ရှိမြေပြင်တွင် ရွာများသို့စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေဆဲဖြစ်သည်ဟု ဒေသတွင်းမီဒီယာအချို့သို့ တုံ့ပြန်ဖြေကြားသည်။