Home သတင်း ထားဝယ်-ရေဖြူကားလမ်းပိုင်းရှိ ဟားလီးကွေ့စခန်း တော်လှန်‌ရေးပူးပေါင်းတပ်များ သိမ်းပိုက်

ထားဝယ်-ရေဖြူကားလမ်းပိုင်းရှိ ဟားလီးကွေ့စခန်း တော်လှန်‌ရေးပူးပေါင်းတပ်များ သိမ်းပိုက်

612
Photo: Social Media

ဧပြီလ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဘိတ်-ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ရေဖြူလမ်းပိုင်းရှိ စစ်ကောင်စီ၏ ဟားလီး ကွေ့စခန်းကို ယမန်နေ့ ဧပြီလ ၂၆ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက် လိုက်သည်ဟု သိရသည်။

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးရှိ စစ်ကောင်စီတပ်သား ၃၀ ခန့်ဖြင့် အထိုင်ချထားသည့် ဟားလီးကွေ့စခန်းကို ဧပြီလ ၂၆ ရက်၊ နံနက်အစောပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များက စတင်တိုက်ခိုက်ပြီး ညနေ (၅) နာရီ အချိန်ခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ လာရောက်တပ်စွဲပြီး ဘန်ကာများဖြင့် အခိုင်အမာတည်ဆောက်ထားသည့် ၎င်းစခန်းနေရာသည် ဖြတ်သန်းသွားလာနေသော ဒေသခံများကို စစ်ဆေးရေးတင်းတင်းကြပ်ကြပ်လုပ်ဆောင်နေသော စခန်းတစ်ခုဖြစ်ကြောင်း ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“ ဒီစခန်းက အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှ ရှိလာတာ။ (စကခ – ၈) အနားမှာပဲ ရှိတယ်။ သူတို့က ရွာသားတွေကို အစစ်အဆေးတအားကြမ်းတယ်။ မောင်မယ်ရှောင်တစ်ရွာလုံး တောထဲတောင်ထဲ ပြေးလွှားတိမ်းရှောင်နေရတယ်။ စခန်းကို ပူးပေါင်းတပ်တွေက ခဏခဏသွားတိုက်တာ အခုမှ ရတယ်။ မောင်မယ်ရှာင် ရွာသားတွေတော်တော်များများ အသက်ပေးလိုက်ရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စခန်းသိမ်းပိုက်ခံရမှုမတိုင်ခင် တော်လှန်‌ရေးပူးပေါင်းတပ်များက အကြိမ်ကြိမ် သွား ရောက်တိုက်ခိုက်ခဲ့စဥ်က တော်လှန်‌ရေးတပ်ဖွဲ့ဝင်များအား သတင်းပေးလုပ်ဆောင်နေသည်ဟုဆိုကာ မောင်မယ်ရှောင်ဒေသခံအယောက် (၂၀) ခန့်ကို အဆိုပါစခန်းက ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဖြည့်စွက်ပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦး၊ လက်နက် (၁၈) လက်နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်ခဲ့သောကြောင့် အရပ်သားနှစ်ဦး သေဆုံး၍ သံဃာနှစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်မျာထံမှ ‌သိရသည်။

ဟားလီးကွေ့ စစ်ကောင်စီ တပ်စခန်းသိမ်းတိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်(KNLA)၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)၊ ထားဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော်(DNLA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။