Home သတင်း တပ်ရင်းမှူးတစ်ဦးပါ KTLA တပ်ဖွဲ့ဝင် ၃၀ ဦးကျော် DKBA ထံဘက်ပြောင်း

တပ်ရင်းမှူးတစ်ဦးပါ KTLA တပ်ဖွဲ့ဝင် ၃၀ ဦးကျော် DKBA ထံဘက်ပြောင်း

1374
Photo: DKBA

ဧပြီ ၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တစ်ရင်းမှူး တစ်ဦးပါဝင်သည့် ကော်သူးလေအာမီ-KTLA တပ်ဖွဲ့ဝင် ၃၀ ဦးကျော် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA တပ်ဖွဲ့ထံသို့ ဧပြီ ၂ ရက်နေ့တွင် လာရောက်ပူးပေါင်းသည်ဟု ခေါင်းဆောင်တစ်ဦးက ပြောသည်။

အဆိုပါ KTLA တပ်ဖွဲ့ဝင်များသည် DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်ထံသို့ လက်နက်နှင့်အတူ တစ် တပ်ရင်းလုံးနီးပါး သွားရောက် ပူးပေါင်းကာ DKBA ဘက်တံဆိပ်ပြန်ပြောင်းတပ်လိုက်ပြီဖြစ်သည်ဟု အဆိုပါ DKBA ခေါင်းဆောင်ထံမှ သိရသည်။

ဘက်ပြောင်းသွားသည့် တပ်ဖွဲ့ဝင်များသည် အဖွဲ့၏ ဗဟိုက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းတချို့ကို လိုက်နာမှုမရှိ၍ KTLA ဗဟိုက ထုတ်ပယ်လိုက်ပြီးဖြစ်သည်ဟုဆိုသော်လည်း အဆိုပါ ဘက်ပြောင်း သည့်ကိစ္စနှင့် ပတ်သက်၍ KTLA ဗဟိုထံ ကေအိုင်စီမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရ ဖြစ်နေသည်။

DKBA ထံဘက်ပြောင်းလာသည့် KTLA တပ်ဖွဲ့ဝင်များသည် တပ်ရင်းမှူးစောဟယ်ရီ၊ တပ်ရင်းအရာခံဗိုလ် သူရိန် ထွန်း၊ တပ်ခွဲမှူး ခလေးတိုစေး၊ ဒုတပ်ခွဲမှူး စောအိုက်ကျေ အပါအဝင်တပ်ဖွဲ့ဝင် ရဲဘော်၊ ရဲမေနှင့် မိသားစုဝင် များအပါအဝင် စုစုပေါင်း ၃၄ ဦး ပါဝင်ကြောင်း သိရသည်။

သွားရောက်ပူးပေါင်းသည့်အချိန်တွင် လက်နက်များဖြစ်သည့် RPG တစ်လက်၊ 84 နောက်ပွင့်တစ်လက်၊ AK တစ်လက်၊ A4 တစ်လက်၊ K3 တစ်လက်၊ MK တွဲ တစ်လက်အပါအဝင် လက်နက် ၇ လက် ပါလာသည်ဟု သိရသည်။

KTLA ဗဟို ဒုတိယ ရုံးထိုင်မှူးဖြစ်သည့် စောဝါးနေမူး(ခ)စောအင်္ဂလိပ်ကိုနှင့်အတူ တပ်ဖွဲ့ဝင်တချို့လည်း ကရင် နယ်ခြားစောင့်တပ်- BGF ထံ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ဘက်ပြောင်းလိုက်မှု ဖြစ်ခဲ့သေးသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်အာဏာရှင် ကျရှုံးရေးတွင် ပူးပေါင်းတိုက်ပွဲဝင်သွားရန်အတွက် ရည်ရွယ် ကာ ဗိုလ်စောအယ်စေးဝါး ဦးဆောင်သည့် Lion Battalion Commando စစ်ကြောင်းနှင့် ဗိုလ်စောဝင်းမြင့် ဦး ဆောင်သည့် Venom စစ်ကြောင်းတို့ ကေအဲန်ယူ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA တပ်မဟာ(၆)ထံသို့ သွားရောက်ပူးပေါင်းခဲ့သေးသည်။ ၎င်းအပြင် ၂၀၂၄ ခုနှစ်တွင်လည်း KTLA ၏ ဗိုလ်မှူးကြီးအဆင့်ရှိ စောဖုခလယ် နှင့် အဖွဲ့သည်လည်း KNU/KNLA နှင့် သွားရောက်ပူးပေါင်းမှု ဖြစ်စဉ် ဖြစ်ခဲ့သေးသည်။

ကော်သူးလေအာမီ ( Kaw Thoo Lei Army -KTLA)ကို ၂၀၂၁ ခုနှစ်တွင် ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံးမှ ရာထူးနှင့် တာဝန်နှစ်ရပ်လုံးကို ရပ်စဲခံလိုက်ရသည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ဖွဲ့စည်းခဲ့သော ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။