Home သတင်း စစ်ကောင်စီအပြင် တော်လှန်ရေးအဖွဲ့တချို့ အင်တာနက်ဖြတ်တောက်မှုများ လုပ်ဆောင်လာဟု MIP ပြော

စစ်ကောင်စီအပြင် တော်လှန်ရေးအဖွဲ့တချို့ အင်တာနက်ဖြတ်တောက်မှုများ လုပ်ဆောင်လာဟု MIP ပြော

831
Photo: MIP

ဧပြီ ၂၉ ရက် ၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာတွင် အင်တာနက်ဖြတ်တောက်မှုကို တော်လှန်ရေးအဖွဲ့တချို့ကပါ စစ်ကောင်စီကဲ့သို့ လုပ်ဆောင်လာသည် ကို သုတေသနပြုတွေ့ရှိရသည်ဟု မြန်မာအင်တာနက်ပရောဂျက်(MIP)က ဧပြီ ၂၈ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုသည်။

စစ်တပ်က အာဏာသိမ်းမှု လုပ်ဆောင်ပြီး ၃ နှစ်မြောက်ကာလတွင် ယခုလို အင်တာနက်ဖြတ်တောက်ခြင်းကို တော်လှန်ရေးအဖွဲ့တချို့က လုပ်ဆောင်လာသည်ကို လေ့လာတွေ့ရှိခဲ့သည်ဟု MIP က ပြောသည်။

ထိုသို့ လုပ်ဆောင်ခြင်းသည် ဒီမိုကရေစီလိုလားသည့်အဖွဲ့များအနေဖြင့် ဒစ်ဂျစ်တယ်အခွင့်အရေး၏ အခြေခံအကျ ဆုံး အခွင့်အရေးဖြစ်သည့် အင်တာနက် ရယူသုံးစွဲနိုင်ခွင့်အား ကန့်သတ်မည်ဆိုပါက အာဏာရှင်နှင့် တူသောသူ များ ဖြစ်မည်ဟု မြန်မာအင်တာနက်ပရောဂျက် (MIP)က ပြောဆိုထားသည်။

အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မြို့နယ်ပေါင်း (၈၂) မြို့နယ်တွင် အင်တာနက်နှင့် ဖုန်းလိုင်း ဖြတ်တောက်မှုအကြိမ်ပေါင်း ၁၃၀ ကျော်ရှိခဲ့ပြီး အာဏာသိမ်းကာလမှစတင်၍ ယနေ့အချိန်ထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်တာနက်ဖြတ်တောက်ခံရမှုပေါင်း ၆ ကြိမ်အထိ ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ စစ်ရေးပဋိပက္ခပြင်းထန်သည့် နယ်မြေများဖြစ်ကြသည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီ ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်တွေမြို့၊ ဟားခါးမြို့၊ လွိုင်ကော်မြို့နှင့် မြစ်ကြီးနားမြို့ အနီးတဝိုက် နေရာ များတွင်လည်း အာဏာသိမ်းစစ်ကောင်စီမှ လက်ရှိအချိန်ထိဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားကြောင်း MIP က ပြောဆိုသည်။

ထို့အပြင် ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့မှုကျယ်ပြန့်လာသောကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နေရာအချို့နှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဒေသအချို့တွင်လည်း အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်မှုများကို စစ်ကောင်စီမှ တိုးမြှင့်လုပ် ဆောင်လာကြောင်း သိရသည်။

ယခုလို စစ်ကောင်စီတပ်၏ ဆက်သွယ်ရေးလိုင်းများဖြတ်တောက်မှုများကြောင့် ဒေသခံပြည်သူအနေဖြင့် ဘဏ် လုပ်ငန်းကဲ့သို့ အခြေခံဝန်ဆောင်မှုများရရှိနိုင်မှု ဆုံးရှုံးခြင်း၊ စစ်ရေးသတင်းများကိုအချိန်နှင့် တပြေးညီ ရရှိနိုင်မှု ဆုံးရှုံးခြင်းနှင့်အတူ အသက်အန္တရာယ်ထိခိုက်နိုင်မှု မြင့်မားလာခြင်းတို့ ကြုံတွေ့ခဲ့ရသည်။

၎င်းအပြင် ဆက်သွယ်ရေးပြတ်တောက်မှုများကြောင့် ဒေသတွင်းကုန်စျေးနှုန်းကြီးမြင့်လာခြင်း၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အခြေခံဝန်ဆောင်မှုများ ရရှိနိုင်မှုအခြေအနေဆုံးရှုံးခြင်းစသည့် အခြေအနေဆိုးများကို ရင်ဆိုင် ကြုံတွေ့နေရသည်ဟု မြန်မာအင်တာနက် ပရောဂျက်သုတေသန ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့်လည်း မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်သူတွေကို ထိထိရောက် ရောက်ခြေရာခံ၊ ဖော်ထုတ်ရှာဖွေနိုင်ရန် ၂၀၂၅ ခုနှစ် မတ်လမှ စတင်၍ နည်းပညာအများအပြားကို အသုံးပြု နေသည်ဟု Myanmar Internet Project ၏ ဧပြီ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထား သည်။