Home သတင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖာပွန်ဒေသခံ နှစ်ဦး ဒဏ်ရာရပြီး နေအိမ် ၄ လုံး ထိခိုက် ပျက်စီးခဲ့

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖာပွန်ဒေသခံ နှစ်ဦး ဒဏ်ရာရပြီး နေအိမ် ၄ လုံး ထိခိုက် ပျက်စီးခဲ့

448
Photo: KNU

ဧပြီလ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံ၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) နယ်မြေ၊ လူသောမြို့နယ်ရှိ ကျေးရွာများသို့ ယခုလအတွင်း စစ်ကောင်စီ၏ လေယာဉ် ဗုံးကြဲမှုကြောင့် ဒေသခံအမျိုးသား နှစ်ဦး ဒဏ်ရာရပြီး နေအိမ် (၄) လုံးထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ (ဗဟို)က ယမန်နေ့ (ဧပြီလ ၁၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလ (၈) ရက်နေ့ ညနေ (၅) နာရီကျော်အချိန်တွင် လူသောမြို့နယ်ရှိ လယ်မူပလော ကျေးရွာအုပ်စု၊ ဘလယ်ဝေါ်နှင့် ထီးသဲကရူ ကျေးရွာထဲသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး (၂) လုံး ကြဲချခဲ့ရာ လူနေအိမ် (၄) လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဘလယ်ဝေါ်‌ကျေးရွာနေ အသက် (၃၉) နှစ်အရွယ် စောပါနာမူးနှင့် စောဒေးစိတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။

“ (၈) ရက်နေ့တုန်းက သူတို့လာပစ်ခဲ့တယ်။ စစ်ကောင်စီတို့က အပစ်ခတ်ရပ်စဲဖို့ကို အပြောပဲ ရှိတာ။ တကယ် လက်တွေ့မှာ လုပ်နေတာတွေနဲ့ တခြားစီပဲ။ ပြီးတော့ မြေပြင်မှာလည်း သူတို့ လှုပ်ရှားမှုတွေ အမြဲတမ်း ရှိနေတယ်” ဟု ကေအဲန်ယူ တပ်မဟာ (၅) ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ကေအိုင်စီသို့ ပြောသည်။

Photo: KNU

ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်ရှိ ကျေးရွာများသို့ ပြီးခဲ့သည့် ဧပြီလ ပထမအပတ်အတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၃ လုံး ကြဲချတိုက်ခိုက်သဖြင့် ကလေး (၂) ဦး သေဆုံးပြီး အရပ်သား (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ နေအိမ် (၃) လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ငလျင်ဘေးကြောင့် ပြည်သူအများစု ဒုက္ခရောက်နေသည့်အချိန် တစ်ဖက်တွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြည်သူများအား အဓိကပစ်မှတ်ထား၍ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိနေကြောင်း ကေအဲန်ယူ-ဗဟိုက ပြောဆိုသည်။