Home သတင်း စစ်ကောင်စီ ဒရုန်းဗုံး အငွေ့ ရှူမိသူများ မူးဝေမှုဖြစ်ပေါ်

စစ်ကောင်စီ ဒရုန်းဗုံး အငွေ့ ရှူမိသူများ မူးဝေမှုဖြစ်ပေါ်

573
Photo: Social Media

ဧပြီ ၉ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီမြို့နယ်၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)နယ်မြေ၊ မောတောင်နယ်စပ်တွင် ဧပြီ ၇ ရက်နေ့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ဒရုန်း ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ ဗုံးမီးခိုးငွေ့များ ရှူမိ သူတို့ မူးဝေမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ကေအဲန်ယူ တာဝန်ရှိသူက ပြောသည်။

မောတောင်နယ်စပ် တိုက်ပွဲ ဖြစ်ပြီးနောက် ဧပြီ ၇ ရက်နေ့တွင် စစ်ကောင်စီက သိန်ခွန်းကျေးရွာသို့ ဒရုန်းဗုံးချ တိုက်ခိုက်ခဲ့ရာ ယခုလို အခြေအနေမျိုးဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး၊ ပဒိုစောအယ်နာ က ကေအိုင်စီသို့ ပြောသည်။

“မနေ့ညတုန်းက မောတောင်မှာတိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတွေက ဒရုန်းနဲ့ ဗုံးလာကြဲတယ်။ အဲ့ဒီ ရက်ထဲမှာပဲ စစ်ကောင်စီလာကြဲချတဲ့ ဗုံးတွေက စစ်သားတွေရှူမိတော့ မူးတယ်။ ဒါကဘာကြောင့် ဖြစ်တာလဲ ဆိုတာ ကျနော်တို့ ခန့်မှန်းလို့မရသေးဘူး”ဟု ၎င်းက ကေအိုင်စီ သို့ပြောဆိုသည်။

အဆိုပါ မောတောင်နယ်စပ်တွင် ဖြစ်ပွားခဲ့သည့်နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုအသေးစိတ်ကို မသိရှိရ သေးသော်လည်း စစ်ကောင်စီတပ်များသည် ယခင်က လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေပြီး ယခုနောက်ပိုင်း အဆိပ်ငွေ့ပါသည်ဟု ယူဆရသည့် ဗုံးများ အသုံးပြုလာသည်ဟု ပဒိုစောအယ်နာက ဖြည့်စွက် ပြောဆိုသည်။

စစ်ကောင်စီက ဧပြီ ၂ ရက်မှ ၂၂ ရက်နေ့ထိ အပစ်ရပ်ထားသည်ဟု ပြောဆိုထားသော်လည်း တနင်္သာရီ တိုင်းဒေ သကြီး ကေအဲန်ယူနယ်မြေအတွင်းသို့ ဗုံးကြဲချတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေဆဲဖြစ်သည်။ ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့တွင် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားချိန် ထားဝယ်၊ အရှေ့တောနယ်ဒေသ၊ အညာဖျားကျေးရွာသို့ ဗုံးကြဲခဲ့ရာ ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။