ဧပြီ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်/ တပ်မဟာ(၃)၊ ကျောက်ကြီးမြို့ နယ်(တပ်ရင်း ၉ နယ်မြေရှိ လော်မူသော်ရွာ ဘုန်းကြီးကျောင်းကို ဧပြီလ ၂၀ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။
ယမန်နေ့ မနက် ၅ နာရီဝန်းကျင်တွင် အင်အား ၆၀ ဦးပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်ရင်း(၇)နယ်မြေ ပုဇွန် မြောင်းကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တော်လှန်ရေးအင်အားစုနှင့်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ လက်နက်ကြီးနှင့် လေကြောင်းသုံး အကူအညီပေးခဲ့ခြင်းဖြစ်သည်။
တပ်ရင်း(၇)နယ်မြေတိုက်ပွဲသို့ လေကြောင်းပစ်ကူလာပေးပြီးအပြန်တွင် တပ်ရင်း(၉)နယ်မြေ၊ လော်မူသော်ကျေးရွာအနီးရှိ ဘုန်းကြီးကျောင်းသို့ ပစ်ခတ်ခဲ့သဖြင့် ဘုန်းကြီးကျောင်းနေရာထိခိုက် ပျက်စီးခဲ့ရသည်။ ထို့နောက် ညပိုင်းတွင် ပုဇွန်မြောင်းဘက်သို့ ဒရုန်းဖြင့်ထပ်မံလာရောက်ဗုံးကြဲချရာမှ ပုဇွန်မြောင်းကျေးရွာသား ၂ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့ကပြောသည်။
“မနက်ပိုင်းတုန်းက ပုဇွန်မြောင်းကိုလေယာဥ်နဲ့လာပစ်ပြီးအပြန်မှာ အဲဒီဘုန်းကြီးကျောင်းကို ပစ်သွား တာ။ ကျောင်းဆောင်တစ်ခြမ်းကပျက်စီးသွားတယ်။ ဘုန်းကြီးတွေတော့ ဘာမှမဖြစ်ဘူး။ ညဘက်ကျမှ ဒရုန်းနဲ့ပုဇွန်မြောင်းဘက်ကိုထပ်သွားပစ်တာ။ အဲ့ဒီမှာ ထိတဲ့ရွာသားကနှစ်ယောက်၊ တစ်ယောက်ကဒဏ်ရာများတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
လက်ရှိ သတင်းရေးသားနေသည့်အချိန်ထိ စစ်ကောင်စီဘက်က ပုဇွန်မြောင်းကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးနှင့်ဒရုန်းသုံးတိုက်ခိုက်မှုများ ရှိနေသည်ဟုလည်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ယမန်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၅ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိသည်။ တော်လှန်ရေးအင်အားစုဘက်ကလည်း ထိခိုက်မှုရှိခဲ့ကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်က ဆိုသည်။
ငလျင်ဘေးအန္တရာယ်ကြောင့် ယာယီအပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီက တပ်မဟာ(၃) နယ်မြေအပါအဝင် တပ်မဟာ(၆) ဒူးပလာယာခရိုင်၊ တပ်မဟာ(၁) သထုံခရိုင်နှင့် တပ်မဟာ(၄) ဘိတ်-ထားဝယ်ခရိုင်တို့တွင် လေကြောင်းအင်အားအသုံးပြုကာ တိုက်ခိုက်မှုများပြုလုပ်နေခြင်းကြာင့် အရပ်သားသေဆုံးမှုများ ဖြစ်ပွားလျက်ရှိသည်။
ထို့အပြင် ဘုန်းကြီးကျောင်းနေရာများကိုပါ ပစ်မှတ်သဖွယ်ထား တိုက်ခိုက်လာသဖြင့် ဘုန်းကြီး ကျောင်းအဆောက်အဦးများပျက်စီးသလို သံဃာတော်များပါ ထိခိုက်သေဆုံးရကြောင်း သိရသည်။
အလားတူ ဧပြီလ ၁၉ ရက်နေ့တုန်းကလည်း ကေအဲန်ယူ ဒူးသထူ(သထုံ)ခရိုင်/တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်၊ မင်းစောရွာဘုန်းကြီး ကျောင်းသို့ ပေါင်(၅၀၀)ဗုံးကြဲချသဖြင့် သံဃာတော်များ အပါအဝင် ဒေသခံ ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။



















