Home သတင်း BIMSTEC ထိပ်သီးဆွေးနွေးပွဲတက်ရန် ဘန်ကောက်ရောက် မင်းအောင်လှိုင်ကို နယ်ပယ်စုံ ကန့်ကွက်

BIMSTEC ထိပ်သီးဆွေးနွေးပွဲတက်ရန် ဘန်ကောက်ရောက် မင်းအောင်လှိုင်ကို နယ်ပယ်စုံ ကန့်ကွက်

805

ဧပြီ ၄ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်နေသည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (BIMSTEC) အစည်းအဝေးကို တက်ရောက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မလိုလားကြောင်း နယ်ပယ်စုံက ကန့်ကွက် ပြောဆိုမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ဘန်ကောက်မြို့ရှိ BIMSTEC ထိပ်သီးဆွေးနွေးပွဲကျင်းပမည့် ရှန်ဂီလာဟိုတယ်အနီးရှိ မြစ်ကူးတံတား တစ်ခုပေါ်၌ ‘လူသတ်သမား မင်းအောင်လှိုင်ကိုငါတို့မကြိုဆိုကြောင်း’ (We Do Not ၊ Welcome Murderer Min Aung Hlaing! )စာတန်းကို ချိတ်ထားကာ ဆန္ဒထုတ်ဖော်မှု ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်ဟု ဘန်ကောက်မှ လာသော သတင်းများအရ သိရသည်။

အဆိုပါထိပ်သီးအစည်းအဝေးသို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်တက်ရောက်ရန် ဖိတ်ကြားနေသည့်အပေါ် ဖြေရှင်းချက်ပေးရန် ထိုင်းဝန်ကြီချုပ်ပေထုန်ထန်ရှင်နဝပ်ဦးဆောင်သည့် အစိုးရအဖွဲကို ယမန်နေ့ ဧပြီ ၃ရက်နေ့က ထိုင်းလွှတ်တော်တွင် လွှတ်တော်အမတ် ကန်နာဝီက မေးခွန်းထုတ်တင်ပြနေသလို ထိုဖိတ်ခေါ်ချက်ကို ကန့်ကွက်နေကြောင်းလည်း ပြောဆိုထားသည်။

ထို့အပြင် ထိုင်းပြည်သူများအနေဖြင့်လည်း ထိုင်းနိုင်ငံတွင် အစည်းအဝေးတက်မည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်မခံနိုင်ကြောင်း လူမှုကွန်ရက်စာမျက်နှာနှင့် ထိုင်းသတင်းဌာနတွင် ပြောဆိုမှုများ ပေါ်ထွက်နေသည်ကို တွေ့ရသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် အစည်းအဝေးတက်မည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ၎င်းတို့ဆန့်ကျင်နေကြောင်း ပြသသည့်အနေဖြင့် ယနေ့ ဧပြီ ၄ ရက်နေ့တွင် အလုပ်မဆင်းဘဲ အနက်ရောင်ပါသည့် ဝတ်စုံကိုဝတ်ဆင်ကြရန် မြန်မာ့နွေဦး တော်လှန်ရေးလူထု သပိတ်အင်အားစု က ယမန်နေ့ ဧပြီ ၃ ရက်နေ့က ထုတ်ပြန် တိုက်တွန်းနှိုးဆော် ထားသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)တွင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှုဖြင့် ဖမ်းဝရမ်းအမိန့်ထုတ်ခံရသည့် စစ်ခေါင်းမင်းအောင်လှိုင်နှင့် ထိပ်ပိုင်းစစ်ခေါင်းဆောင်များကို BIMSTEC ထိပ်သီး အစည်းအဝေးတွင် ဖိတ်ခေါ်ခြင်းမပြုလုပ်ရန်နှင့် BIMSTEC တွင် ပါဝင်နေသည့် စစ်ခေါင်းဆောင် ကိုယ်စားလှယ် များအားလုံးကို ဖယ်ရှားပေးရန် ကိုလည်း မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အရပ်ဖက်ကိုယ်စားပြု အဖွဲ့အစည်း ၃၁၉ ဖွဲ့မှ ထိုင်းဝန်ကြီးချုပ်နှင့် BIMSTEC အဖွဲ့ဝင်နိုင်ငံ အစိုးရများကို မတ် ၂၉ ရက်နေ့က အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ ကန့်ကွက်ထားသည်။

နိုင်ငံခြားအစိုးရနှင့် နိုင်ငံတကာအဖွဲ့များအနေဖြင့် မြန်မာစစ်အုပ်စုကို အစိုးရတစ်ရပ်ဟု သတ်မှတ်ပြီး ထိတွေ့ ဆက်ဆံခြင်းနှင့် အားပေးထောက်ခံခြင်း ပြုလုပ်ပါက စစ်အုပ်စုက ကျူးလွန်နေသည့် ရာဇဝတ်မှုကြီးများကို ကြံရာပါ ပတ်သက်မှုဖြစ်စေနိုင်သည့် အန္တရာယ်ရှိနေကြောင်းလည်း ထိုအိတ်ဖွင့်ပေးစာထဲ၌ ပြောဆိုထားသည်။

ထို့ကြောင့် ခေါင်းဆောင်များ၏ တုန့်ပြန်မှုကို မျှော်လင့်ချက်များစွာဖြင့်စောင့်မျှော်နေသလို မြန်မာပြည်သားများ အပေါ် ပံ့ပိုးကူညီခြင်း သို့မဟုတ် တရားမဝင် အကြမ်းဖက် စစ်အုပ်စုအားပံ့ပိုးကူညီရာ အသွင်ဆောင်မဆောင် စောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်အုပ်စုအဖွဲ့မှ ယမန်နေ့ ဧပြီ ၃ ရက်နေ့တွင် ဘန်ကောက်မြို့သို့ ရောက်ရှိလာရာ ထိုင်းဝန်ကြီးချုပ်ပေထုန်ထန်ရှင်နဝါက လက်ခံကြိုဆိုခဲ့သည်ဟု ထိုင်းသတင်းဌာနများတွင်ဖော်ပြထားသည်။

အဆိုပါ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (BIMSTEC) အဖွဲ့ကို ၁၉၉၇ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များ အဖြစ် မြန်မာ အပါအဝင် ဘင်္ဂလားပင်လယ်အော်ဒေသတွင်းရှိ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါနှင့် သီရိလင်္ကာနိုင်ငံတို့ ပါဝင်သည်။

အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှု၊ နည်းပညာ လူစွမ်းရည်ဖွံ့ဖြိုးရေး၊ ခရီးသွား လုပ်ငန်း၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရန် စီမံချက်များ အကောင်အထည်ဖော်ခြင်း စီးပွားရေးဖွံ့ဖြိုးမှု ရရှိစေရန် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးရေးအတွက် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင် ၇ နိုင်ငံတွင် လူဦးရေ ၁.၇ ဘီလီယံထိ ရှိပြီး စီးပွားရေးအခွင့်အလမ်း ကောင်းများ ရှိသည်ဟု နိုင်ငံရေးအကဲခတ်များက ပြောဆိုသည်။