ဧပြီ ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ နယ်မြေအတွင်းရှိ စစ်ကောင်စီ တပ်စခန်း ၂ ခုကို တစ်ရက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်သည်ဟု KNLA တပ်မှူးများက ကေအိုင်စီသို့ အတည်ပြု ပြောသည်။
KNLA နှင့် ပူးပေါင်းတပ်များ သိမ်းယူလိုက်သည့် တပ်စခန်း ၂ ခုမှာ ကေအဲန်ယူ၊ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ-၄ နယ်မြေရှိ ထီးမိုပွာ အထူးဒေသနယ်မြေအတွင်းရှိ ထီးထာ့စစ်ကောင်စီအမှတ်(၁)ဗျူဟာစခန်းနှင့်် တပ်မဟာ-၇၊ ဖားအံခရိုင်အတွင်းရှိ KNLA တပ်ရင်း ၁၀၁ နယ်မြေရှိ၊ နဘူးမြို့နယ် လေးဂေါ်(မော်ဂလာ) စခန်းတို့ ဖြစ်သည်ဟု KNLA တာဝန်ရှိသူက ယခုလို ပြောသည်။
“ဟုတ်တယ် ထီးထာ့စခန်းကို ဒီနေ့(၅)နာရီဝန်းကျင်မှာ အပီးအပိုင်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီစခန်းသိမ်းတိုက်ပွဲက ၆ ရက်အတွင်း စခန်းသိမ်းတိုက်ပွဲ ဖြစ်ပါတယ်။ အခြအနေအသေးစိတ်ကိုတော့ အတည်ပြုလို့မရသေးဘူး” ဟု တပ်မဟာ -၄၊ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖိုးလေးက ပြောသည်။
အဆိုပါ ထီးထာ့စခန်းသည် ၁၉၉၇ ခုနှစ်ကတည်းကတည်ရှိခဲ့ခြင်းဖြစ်ပြီး ကေအဲန်ယူ၊ ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်-KNLA က ယခုနှစ် ဧပြီ ၁၄ ရက်နေ့ တွင်စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၆ ရက်အကြာ တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အလားတူ ကေအဲန်ယူ၊ တပ်မဟာ-၇ နယ်မြေ၊ တပ်ရင်း ၁၀၁ နယ်မြေအတွင်းရှိ လေးဂေါ်(ခ)မော်ဂလာ စခန်းကို ဧပြီ ၁၈ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ ဧပြီ ၁၉ ရက်နေ့ တွင်သိမ်းယူရရှိခဲ့သည်ဟု KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ကေအိုင်စီသို့ ယနေ့ ညနေပိုင်းတွင် အတည်ပြု ပြောသည်။
“လေးဂေါ်(ခ)မော်ဂလာစခန်းကို ဒီနေ့ ညနေ ၃ နာရီနဲ့ ၄နာရီဝန်းကျင်မှာ KNLA တပ်မဟာ(၇) ပူးပေါင်းတပ်ဖွဲ့ များက သိမ်းပိုက်လိုက်ပါတယ်။ ၁၈ ရက်ကနေ ထိုးစစ်ဆင်ပီး ၁၉ ရက်နေ့ (၂)ရက်အတွင်း သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်” ဟု စစ်ဦးစီးချုပ်က ပြောသည်။
အဆိုပါ လေးဂေါ်(ခ)မော်ဂလာ စခန်းသည် ကေအဲန်ယူနယ်မြေအတွင်း လွန်ခဲ့သည့် နှစ် ၂၀ ကျော်ကတည်းက လာရောက်စခန်းချ ထားပြီး ဒေသတွင်း ပြည်သူများကို နှောက်ယှက်နေသလို စခန်းအနီးကျေးရွာများကို ခြိမ်း ခြောက် ပစ်ခတ်မှုများ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။
လက်ရှိ ကေအဲန်ယူ၊ တပ်မဟာ-၆ နယ်မြေအတွင်း ကျုံဒိုး-ကော့ရိတ်မြို့နယ်အတွင်း ကေအဲန်ယူပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတို့အကြား တကျော့ပြန် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းယူထားပြီး အသေးစိတ်အချက်အလက်များကိုမူ စစ်ရေးအခြေအနေအရ ကေအိုင်စီက သင့်တော်သည့်အချိန်တွင် တာဝန်ရှိသူများနှင့် အတည်ပြုချိတ်ဆက် ထုတ်ပြန်သွားမည် ဖြစ်သည်။



















