Home သတင်း အပစ်ရပ်မကြေငြာမှီ ကျုံဒိုး၊ တောင်ကြာအင်းလမ်း၌ စစ်ရေးတင်းမာနေ

အပစ်ရပ်မကြေငြာမှီ ကျုံဒိုး၊ တောင်ကြာအင်းလမ်း၌ စစ်ရေးတင်းမာနေ

793
Photo- CJ

ဧပြီ ၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီက ဧပြီ၂ ရက်နေ့ အပစ်ရပ်မကြေငြာမှီ ကျုံဒိုး၊ တောင်ကြာအင်းလမ်း၌ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ စစ်ရေးတင်မာမှုများ ဖြစ်ပေါ်ခဲ့သည် ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ လမ်းပိုင်း၌ နှစ်ဖက်စစ်ရေးတင်းမာ လာသည့်အတွက် စစ်ကောင်စီတပ်ဘက်က ခံစစ်များ လုပ်ထားသလို ကျုံဒိုး-ကိုးတိုင်လမ်းတွင် အချိန်ပိုင်းအကန့်အသတ်နှင့်သာ သွားလာခွင့်ပေးသည်ဟု သွားလာနေသည့် ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

“ပြီးခဲ့တဲ့တစ်ရက်နှစ်ရက်က ကျမတို့ ကျုံဒိုးကနေ တောင်ကြာအင်းဘက်ပြန်တက်လာတာ အသွားတုန်းက ကိုးတိုင်မှာ ဆိုရင် လမ်းမကြီးအတိုင်း သွားလို့ရတယ်။ ပြန်လာတော့စစ်တပ်ဘက်က သူတို့လမ်းပိတ်ထားလိုက်ပြီး လမ်းမကြီးအတိုင်းမပေးသွားတော့ဘူး၊ တစ်ခြားလမ်းဘက် သွားခိုင်းတယ်။ အခြေအနေတင်းမာမှုရှိလာတယ်လို့ ကြားတယ်။ နောက်ပြီး မနေ့တုန်းကမြောက်ကြာအင်းဘက် လက်နက်ကြီးတွေနဲ့လည်း စစ်ကောင်စီတပ်က ပစ် တယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

မြောက်ကြာအင်းမှစတင်၍ ဝိဇ္ဇာကုန်း၊ လှိုင်ကွယ်၊ ကိုးတိုင်လမ်းဆုံအထိ နယ်ခြားစောင့်တပ် BGF အချို့၊ ငြိမ်းချမ်း ရေးကောင်စီ-PC ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ဂိတ်များချထားပြီး ၇ တိုင်ရွာ၊ နွားခြံကုန်း၊ ကျွန်းကလေး အထိတွင် ဗိုလ်ဘိဦးဆောင်သည့် ခွဲထွက်-DKBA အဖွဲ့များ ဂိတ်ချထားသည်။ ထို့နောက် ကျုံဒိုးမှ ဂျိုင်းတံတားအထိတွင် BGF နှင့်စစ်ကောင်စီတပ်ဂိတ်ရှိကာ မြောက်ကြာအင်းမှစတင်၍ ကျုံဒိုးအထိတွင် စုစုပေါင်း ၁၀ ဂိတ်ခန့် ရှိနေကြောင်းလည်းအခြားဒေသခံ နောက်တစ်ဦးက ပြောသည်။

Photo – CJ

ဂျိုင်း-ကျုံဒိုး- ကိုးတိုင်-ကော့ကရိတ်လမ်းတွင် မြဝတီ အာရှလမ်းမရှိ အောင်ဇေယျစစ်ကြောင်းအတွက် စစ်ကူ ပို့သည့် လမ်းကြောင်းဖြစ်သောကြောင့် တော်လှန်ရးပူးပေါင်းတပ်၏ ကြားဖြတ်တိုက်ခိုက်ခံရမှု မရရှိစေရေး အတွက် ထိုလမ်းကြောင်းတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ကြည်း၊ ရေ၊ လေများ ဘက်စုံသုံးပြီး ခံစစ် ပြင်ထားကာ အင်အားအပြည့်ချထားသည်ဟု ဒေသအတွင်းစစ်ကောင်စီနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က မှတ်ချက်ပြု ပြောသည်။

ထို့အပြင်ယမန်နေ့ ဧပြီလ ၁ ရက်နေ့တွင်လည်း ကော့ကရိတ်မြောက်ပိုင်း ဒေါနတောင်တက်လမ်းဟောင်းတွင် စစ်ကောင်စီဘက်မှ ဒရုန်း၊ ကင်းထောက်လေယာဉ်များနှင့်ပျံဝဲကာ ဖိုက်တာ ဂျက်လေယာဉ်များနှင့် လည်းပစ်ခတ် မှုရှိသည့်အပြင် မတ်လ ၃၁ ရက်တွင် ရန်ကုတ်ရွာ ကောင်းမှုရွာနှင့် အောက်ဘိုတဲ နေရာတွင် စစ်ကောင်စီ ဘက်မှ လက်နက်ကြီး အလုံးပေါင်း ၃၀ ထက်မနည်း အများအပြား ပစ်ခတ်မှုရှိကြောင်း ကော့ကရိတ်ရှိ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ စစ်ရေးရေးအရင်းအမြစ်ထံမှ သိရသည်။

ယခုလို စစ်ရေးတင်းမားနေသော်လည်း စစ်ကောင်စီက ငလျင်ဘေးကယ်ဆယ်ရေးကြောင့် ဧပြီ ၂ ရက်နေ့မှ ၂၂ ရက်နေ့ထိ တစ်နိုင်ငံလုံး အပစ်ရပ်ထားမည်ဟု ကန့်သတ်ချက်တစ်ချို့ ဖြင့် ပြောဆိုထားသည်။