Home သတင်း အဓမ္မ စစ်သားစုဆောင်းမှုများကို အရေးယူပေးရန် ကုလ၊ အာဆီယံနှင့် နိုင်ငံတကာသို့ NUG တောင်းဆို

အဓမ္မ စစ်သားစုဆောင်းမှုများကို အရေးယူပေးရန် ကုလ၊ အာဆီယံနှင့် နိုင်ငံတကာသို့ NUG တောင်းဆို

659
Photo: SAC

ဧပြီ ၂၉ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်ကောင်စီက အတင်း အဓမ္မ စစ်မှုထမ်း ခိုင်းခြင်းကို အမြန်ဆုံးရပ်တန့််ရန်အတွက် စစ်ကောင်စီအား ထိရောက်သည့် ပိတ်ဆို့မှုများ ချက်ခြင်းလုပ်ဆောင်ပေးရန် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံ တကာသို့ အမျိုးသားညီညွတ်ရေး အစိုးရ-NUG က ယမန်နေ့ညတွင် တိုက်တွန်းထုတ်ပြန်သည်။

စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းသည် လူကုန်ကူးမှုကို ကျူးလွန်ရာရောက်သည့်အပြင် လူသားမျိုးနွယ်စုအပေါ် စစ်ရာဇဝတ်မှုမြောက်သည့်အတွက် ယခုလို တိုက်တွန်းပြောဆိုရခြင်းဖြစ်သည်ဟု NUG က ပြောဆိုသည်။

စစ်ကောင်စီက ပြည်သူ့ စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီတွင် ပြဌာန်းခဲ့ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ်များကို လက်ရှိအချိန်ထိ ကျယ်ကျယ်ပြန့်ပြန့် စစ်မှုထမ်းခိုင်းစေမှုများ လုပ်ဆောင်လျက်ရှိသည်ဟု NUG က ပြောသည်။

ထို့အပြင် စစ်ကောင်စီက စစ်မှုထမ်းရန် လူနေအိမ်များ၊ လုပ်ငန်းခွင်များနှင့် စစ်ဆေးရေးဂိတ်များ၌ စီမံချက်ချမှတ် ဖမ်းဆီးမှုများကိုလည်း ပိုမိုလုပ်ဆောင်လျက်ရှိသည်ဟုလည်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြောသည်။

“ကျနော် အလုပ်ကပြန်လာတဲ့ ညပိုင်းမှာ တာမွေမြို့နယ်မှာ ပေါ်တာဆွဲခံရတာပါ။ မင်းတို့ ဘာမှမလုပ်ရဘူး ၊ တိုက်တွေ အိမ်တွေမှာ လုံခြုံရေးယူပေးရမယ်လို့ ပြောတယ်။ အဲ့ဒီကနေ ဒညင်းကုန်း စုဆောင်းရေးကို ပို့ခံရတယ်။ ထွက်ပြေးရင် ဝက်ခြံထဲမှာ ခေါ်ထုတယ်” ဟု ခြေလျင်တပ်ရင်း -ခမရ(၁၈)မှ ထွက်ပြေးလာသူ တပ်သားနိုင်ဇင် လတ်က ဧပြီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ရုပ်သံ အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်။

အဆိုပါ အတင်းအဓမ္မစစ်မှုထမ်းခေါ်ဆောင်ခြင်းခံရသည့် သူများတွင်လည်း အသက်မပြည့်သေးသည့်လူငယ်များ၊ စစ်မှုထမ်းရန်မသင့်လျော်သည့်ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသည့်သူများ ပါဝင်နေသည့်အပြင် စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များ၏ အမည်စာရင်းများကို ကောက်ယူ၍ မိသားစုဝင်များထံ ငွေညှစ်တောင်းခံခြင်းများ ကိုလည်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများက လုပ်ဆောင်လျက်ရှိသည်ဟု NUG က ထောက်ပြထားသည်။

ထို့ကြောင့် ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့ဝင်များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်ကောင်စီ၏ ယခုလုပ်ရပ် များအမြန်ဆုံး ရပ်တန့်ရေးအတွက် ထိရောက်သည့်စီးပွားရေး ပိတ်ဆို့မှုနှင့် လေယာဉ်ဆီ အပါအဝင်၊ လက်နက် တင်ပို့ ရောင်းချမှုများကို ပိတ်ပင်ခြင်းလုပ်ဆောင်ရန် NUG က တိုက်တွန်းထားသည်။

၎င်းအပြင် အိမ်နီးချင်းနိုင်ငံများ အနေဖြင့်လည်း အဓမ္မစစ်သားစုဆောင်းမှုကြောင့် ထွက်ပြေးလာသူများကို လူသားချင်းစာနာသည့် မူဝါဒကိုအခြေခံ၍ စောင့်ရှောက်ပေးရန် NUG က ဆက်ပြောသည်။