Home သတင်း ပရေကြေးထာ့ရေတံခွန် အလည်လာသူ နည်းလာ၍ ဒေသထွက်သီးရွက်ရောင်းသူများ စျေးရောင်းမရ

ပရေကြေးထာ့ရေတံခွန် အလည်လာသူ နည်းလာ၍ ဒေသထွက်သီးရွက်ရောင်းသူများ စျေးရောင်းမရ

546

ဧပြီလ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူ ထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင်/တပ်မဟာ ၇၊ လှိုင်းဘွဲမြို့ နယ်၊ ရှမ်းရွာသစ်မြို့အနီးရှိ ပရေကြေးထရေတံခွန်သို့ ယခုနှစ်နွေရာသီတွင် လာ‌ရောက်လည်ပတ်သူ နည်းလာ၍ ရေတံခွန်ကို အမှီပြုပြီး ဒေသထွက် သီးရွက်ရောင်းသူများ စျေးမရောင်းရ ဘဲဖြစ်နေသည်ဟု သိရသည်။

ဖားအံခရိုင်တွင် ယခုနှစ်အတွင်း တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပေါ်ခြင်းနှင့် အဆိုပါ မြို့ပေါ်၌ တိုက်ပွဲဖော်ဆောင်မည်ဟူသော သတင်းများထွက်ပေါ်နေမှုကြောင့် နယ်ခံအပြင် ရပ်ဝေးမှ အပန်းဖြေ လာရောက်သည့် ဧည့်သည်များ ယခုလို နည်းပါးလာရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်တွင် လူသိများသည့် ပရေကြေးထ ရေတံခွန်သို့ လာရောက်လည်ပတ် သူနည်းပါးလာမှုအပေါ် ဒေသထွက် သီးနှံများရောင်းချ၍မရသဖြင့် စားဝတ်နေရေးအကြပ် အတည်းနှင့် ပိုမိုရင်ဆိုင်လာရကြောင်းကို ရေတံခွန်ကို အမှီပြု၍ အသက်မွေးဝမ်းကျောင်းနေသူ စောမလက ပြောသည်။

၎င်းက “အခု အသီး အရွက်တွေ လာရောင်းတော့လည်း လူကမလာပြန်တော့ ဘာမှ မတတ်နိုင် တော့ဘူး။ ရောင်းလို့ရရင် နည်းနည်းဖြစ်ဖြစ်၊ များများဖြစ်ဖြစ် ဆန်လေးဝယ်စားမယ်ပေါ့။ အခုက လာတာ နှစ်ရက် ၃ ရက်မှ တစ်ထောင်နှစ်ထောင်ပဲ ရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုဒေသရှိ ဒေသခံများသည် မိုးရာသီကာလအတွင်း တောင်ယာစပါးစိုက်ပျိုးကြပြီး နွေပေါက် လာလျှင် တောတောင်များနှင့် စမ့်ရေစမ်းရေပတ်ဝန်းကျင်တွင် အလေ့ကျပေါက်လေ့ရှိသည့် အသီးအရွက်များ ခက်ခက်ခဲခဲ လိုက်လံရှာဖွေရင်း မိသားစု၏ စာဝတ်နေရေးအတွက် ရေတံခွန်၌ နှစ်စဉ်လာရောက်ရောင်းချလေ့ရှိကြသည်။

ပြီးခဲ့သည့် နှစ်အတွင်းမှာ အဆိုပါ ရေတံခွန်သို့ လာရောက်လည်ပတ် အနားယူသူများသောကြောင့် အသီးအရွက်အားလုံး နေ့စဉ်နီးပါးရောင်းရပြီး မိသားစု စားဝတ်နေရေးအတွက် များစွာ အထောက် အကူဖြစ်စေခဲ့ကြောင်းလည်း စောမလဖြည့်စွက်ပြောသည်။

ရေတံခွန်အနီး ဆိုင်ဖွင့်လှစ်ရောင်းချသူ နော်‌သောရေ‌ဖောမိုးကလည်း “အရင်နှစ်တွေဆိုရင် အခုလို ၄ လပိုင်းလောက်ရောက်တာနဲ့ ဒီနေရာကလူအပြည့်လာကြတာ။ အခုနှစ်က တခြားနှစ်တွေနဲ့ မတူဘဲ လူအတော်လေး အလာနည်းသွားတယ်။ ကျမတို့ နေတဲ့နေရာက အခြေအနေမကောင်းတော့ ပြေးရ လွှားရတာမျိုးလည်းရှိတယ်။ လူတွေကလည်း အများကြီးမလာချင်ကြဘူး။ ကြောက်ကြတာပေါ့။” ဟု ပြောသည်။

လာရောက်အပန်းဖြေသူ နည်းသည့်အတွက် ယခင်နှစ်ကလို စျေးရောင်းမကောင်းတော့သလို ဝယ်ယူ အရင်းအနှီး ပြုလုပ်ထားသည့် စားသောက်ကုန်ပစ္စည်းများလည်း ပျက်စီးသွား၍ ဆုံးရှုံးနစ်နာမှုများ ဖြစ်စေကြောင်း နော်သောရေ‌ဖောမိုး က ဆက်ပြောသည်။

ယခုလို နွေရာသီ ကာလများတွင် အပူရှိန်မြင့်မားမှုကို ရှောင်ကြရန် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပရေကြေးထ ရေတံခွန်နှင့် မြိုင်ကြီးငူဒေသအနီးရှိ ကျုံထော်ရေတံခွန်ကို လာရောက်အပန်းဖြေသူ များလေ့ရှိသည်။ အထူးသဖြင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံများအပြင် နယ်ဝေးဒေသခံများနှင့် ထိုင်းနိုင်ငံဘက်ခြမ်းကပါ လာရောက်လည်ပတ်ကြသည်ဟု သိရသည်။

နှစ်စဉ် လူဦးရေ ရာနှင့်ချီပြီး လာရောက်လည်ပတ်သည့် ပရေကြေးထ ရေတံခွန်တွင်လည်း ယခင်နှစ် များနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင် လာရောက်လည်ပတ်သူ လူဦးရေ ၃ ပုံ ၁ ပုံခန့် လျော့နည်းသွားသည်ဟု ရေတံခွန်ကိုအမှီပြုပြီး စျေးရောင်းကြသည့် ဒေသခံများက ပြောသည်။