Home သတင်း စစ်မှုထမ်းရန် စုဆောင်းခြင်းခံရသူ တစ်ဦး ကော့သောင်း ပကဖထံ ဘက်ပြောင်းခိုလှုံ

စစ်မှုထမ်းရန် စုဆောင်းခြင်းခံရသူ တစ်ဦး ကော့သောင်း ပကဖထံ ဘက်ပြောင်းခိုလှုံ

623
Photo-ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

ဧပြီ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီးနောက် ဖမ်းဆီးခံရ၍ ကော့သောင်းမြို့နယ်သို့ ပြန်လွှဲပြောင်းခံရစဉ် စစ်ကောင်စီက စစ်မှုထမ်းရန် တပ်သားသစ်အဖြစ် ဖမ်းဆီးခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသူတစ်ဦး ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ လာရောက်ခိုလှုံခဲ့သည်ဟု အဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ တပ်သားသစ် စုဆောင်းခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသူ အသက် ၂၀ အရွယ် ကိုမင်းမင်း(အမည်လွှဲ)သည် ဧပြီ ၁ ရက်နေ့တွင် ကော့သောင်း ပကဖထံသို့ လာရောက်ခိုလှုံခဲ့ခြင်း ဖြစ်သည်ဟု အဖွဲ့တာ ဝန်ရှိသူ တစ်ဦးက ယခုလို ပြောသည်။

“သူတို့စစ်တပ်ဘက်ကနေ ထွက်ပြေးလာတုန်းကတော့ စုစုပေါင်း(၅)ယောက်ပါလာတယ်။ ကျန်တဲ့ ၄ ယောက် ကတော့ စစ်တပ်ရဲ့ပြန်လည်ဖမ်းဆီးတာကို ခံလိုက်ရတယ်။ သူတစ်ယောက်တည်း လွတ်လာတာ” ဟု ၎င်းက ပြောသည်။

အဆိုပါ ကိုမင်းမင်း(အမည်လွှဲ)ဆိုသူသည် ထိုင်းနိုင်ငံမှတစ်ဆင့် နေရပ်ပြန်ပို့ခံရပြီးနောက် စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် အတင်းအကြပ် စုဆောင်းခံခဲ့ရခြင်းဖြစ်သည်။ ထို့နောက် ကော့သောင်းမြို့ ခြောက်မိုင်ရွာအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၄၃၁)တပ်ရင်း အတွင်းသို့ ပို့ဆောင်ခြင်းခံရပြီး နောက်ထွက်ပြေးလာခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်လည်း စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်း အတွက် စုဆောင်းခြင်းခံရသည့် လူငယ် ၁၆ ဦး စစ်တပ်မှပြန်လည် ထွက်ပြေးဖြစ်ခဲ့ပြီး ၎င်းတို့အနက်မှ ၂ ဦးသာ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဆီ မတ် ၆ ရက်နေ့တွင် ဆက်သွယ် ခိုလှုံလာခဲ့ကြောင်း မြိတ် ပကဖမှ တာဝန်ရှိသူက ပြောသည်။

ယခုလို မြိတ် ပကဖထံ ခိုလှုံ လာသူ ၂ ဦးသည်လည်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာတွင် ထိုင်းနိုင်ငံ ရနောင်းမြို့တွင် တရား မဝင်အလုပ် လုပ်ကိုင်၍ ဖမ်းဆီးခံရကာ ရနောင်း၌ အချုပ်ကျပြီး ကော့သောင်းသို့ ပြန်လည်ပို့ဆောင်ခံရပြီးနောက် စစ်ကောင်စီက အတင်းအကြပ် စစ်မှုထမ်းခိုင်းခြင်း ဖြစ်သည်ဟု သိရသည်။