Home သတင်း စကခ-၁၂ ဌာနချုပ်အနီး တိုက်ပွဲ ပြင်းထန်နေ

စကခ-၁၂ ဌာနချုပ်အနီး တိုက်ပွဲ ပြင်းထန်နေ

726
Photo: CJ

ဧပြီ ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ နဘူး-ကော့ကရိတ် လမ်းခွဲအနီး၊ ကော့ကရိတ်မြို့အဝင်၌ တည်ရှိသည့် အမှတ်-၁၂ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အနီးတွင် ၄ ရက်ဆက် တိုက်ပွဲ ပြင်းထန်နေသည်ဟု မြေပြင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ စကခ-၁၂ အနီးတစ်ဝိုက်သို့ တော်လှန်ရေးပူးပေါင်းတပ်များက ဧပြီ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့ နံနက်ပိုင်း အထိ ဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု မြေပြင်စစ်ရေး သတင်းရင်းမြစ်က ယခုလို ပြောသည်။

“ကိုးတိုင်နဲ့ ရန်ကုတ်က ၁၈ ရက်ကတည်းကတိုက်ပွဲ ဆက်တိုက်ဘဲ၊ စကခ ၁၂ နားမှာပေါ့၊ နောက် ၉၇ နဲ့ တတန် ကူး၊ ရွှေကြက်မင်း ဘက်လည်းဆိုင်ပြီး ပစ်နေတာဘဲ၊ စစ်တပ်ကကော့ကရိတ်မြို့ထဲကနေကိုမထွက်ဘဲ လက်နက် ကြီးတွေ အတွဲလိုက်ဒုံးရှည်တွေ ပစ်တယ်။ လေကြောင်းပစ်ကူခေါ် Y12 နဲ့ ဗုံးကြဲနေတာ မျိုးရှိတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ စကခ-၁၂ ဌာနချုပ်အနီး ကာကင်းစခန်းတစ်ခုဖြစ်သည့် နဘူး-ကော့ကရိတ် လမ်းခွဲ လမ်းပိုင်းရှိ ရင်ကွဲတောင် စစ်ကောင်စီ ကာကင်းစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ မဟာမိတ် တပ်ဖွဲ့များ ဧပြီ ၁၅ ရက်က သိမ်းပိုက်ထိမ်းချုပ် ထားပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည်ဟု သိရသည်။

Photo: CJ

ယခုလို စကခ-၁၂ ဌာနချုပ်အနီး တိုက်ပွဲ ပြင်းထန်နေသည့် အတွက် ကော့ကရိတ်ရှိ စစ်ကောင်စီ တပ်ရင်း ခမရ-၅၄၆၊ ခလရ-၉၇ တပ်ရင်းများက မြို့ပြင် မိချောင်းအင်း၊ ရန်ကုတ်ကျေးရွာများသို့ လက်နက်ကြီး ပစ်ကူပေးပစ်ခတ် နေသလို ယနေ့ ဧပြီ ၂၁ ရက်နေ့ နံနက် ၃ နာရီမှ ၆ နာရီအထိ ကျုံဒိုးကျေးရွာများဘက်သို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည်ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ ဝင်များထံမှ သိရသည်။

“တိုက်ပွဲကရန်ကုတ်ဘက်မှာ မနေ့ကတစ်နေကုန် တိုက်ပွဲကြီးတယ်၊ ဒီမနက်အထိဘဲ၊ မနက် ၃ နာရီ လောက်က တည်းက Y12 လေယာဉ်ဗုံးပတ်ကြဲ နေတယ်၊ မြေပြင်မှာတော့ စကစတပ်တွေတက်လာတာ မရှိဘူး၊ အာရှလမ်း ဘက်ကို ဒရုန်းနဲ့ရော မြေပြင်ကရော ကျနော်တို့ KNLA ပူး‌ပေါင်းအဖွဲ့တွေ ဖြတ်ထားတယ်” ဟု ကော့ကရိတ် KNLA မဟာမိတ်ပူးပါင်းစစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

ယခုလို တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သားများထွက်ပြေးသူများနှင့် သေဆုံးသူများရှိနေသလို တော်လှန်ရေး ပူးပေါင်းတပ်ဘက်ကလည်း တော်လှန်ရေးအတွက် အသက်ပေးတာဝန်ထမ်းဆောင်သွားသူနှင့် ထိခိုက်ဒဏ်ရာရရှိ သူများလည်း ရှိပြီး ထိခိုက်မှု အသေးစိတ်အခြေအနေကိုမှု အတည်ပြုနေသည်ဟု သိရသည်။