Home သတင်း ကော့ကရိတ် မြို့တွင်းက ထွက်ခွာလိုသူများ ပိတ်မိနေ

ကော့ကရိတ် မြို့တွင်းက ထွက်ခွာလိုသူများ ပိတ်မိနေ

1195

ဧပြီ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းတစ်လျှောက် တိုက်ပွဲပြင်းထန်နေ၍ ကော့ကရိတ်မြို့တွင်းမှ စွန့်ခွာ ကြို ရှောင် လိုသူများ ထွက်ခွင့်မရဘဲ ပိတ်မိနေသည်ဟု မြို့တွင်းသတင်းအရင်းအမြစ်က ပြောသည်။

ကော့ကရိတ်-ကျုံဒိုးလမ်း‌မပေါ် ငါးတိုင်ရွာ၌ ပြီးခဲ့သည့် ဧပြီ ၁၄ ရက်နေ့က စတင်ခဲ့သည့် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့်စစ်ကောင်စီတို့ တိုက်ပွဲအကြား ကျုံဒိုးမြို့အနီးဝန်းကျင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအရှိန် ကူးစက်လာမည်ကိုစိုးရိမ်သဖြင့် လက်ရှိ စစ်ကောင်စီကပြန်လည်ထိန်းချုပ်ထားသော ကော့ကရိတ်မြို့တွင်းမှ မြို့ပြင်သို့ထွက်ခွာစစ်ရှောင်လိုသူများအား စစ်ကောင်စီက ဧပြီလ ၁၅ ရက်နေ့ ကတည်းက မြို့မှထွက်ခွာခွင့်မပေးတော့သဖြင့် ပိတ်မိနေခြင်း ဖြစ်သည်ဟု ကော့ကရိတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“၁၅ ရက်နေ့ကတည်းက စစ်တပ်ကမြို့ထဲမှာရှိတဲ့ပြည်သူ တွေကို မြို့ပြင်ပေးမထွက်တော့ဘူး။ ပိတ်‌မိ နေကြတယ်ပဲပြောရမှာပေါ့။ မြို့ထဲမှာကတော့ ပစ်တာခတ်တာ ပုံမှန်လိုရှိနေတာပဲ။ လက်နက် အကြီး အသေးပဲကွာတယ်” ဟု အဆိုပါအမျိုးသားက ပြောသည်။

စစ်ကောင်စီ၏လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု‌များကြောင့် ကော့ကရိတ်-ကျုံဒိုးရှိ ကျေးရွာ ၁၀ ရွာထက် မနည်း ဘေးလွတ်နိုင်မည့် နီးစပ်ရာ‌ကျေးရွာများတွင် လိုက်လံစစ်ရှောင်ကြရပြီး တချို့ ကျေးရွာ များတွင်လည်း ရွာမှထွက်ခွာစစ်ရှောင်ခွင့်မရဘဲ ပိတ်မိနေသူများရှိနေသေးကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ကော့ကရိတ်မြို့အဝင်အထွက်ကို စစ်ကောင်စီဘက်ကထိန်းချုပ်ထားပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့် လေးတိုင်၊ ငါးတိုင်၊ နွားခြံကုန်းရွာများကို KNLA ပူးပေါင်းတပ်က ထိန်းချုပ်၍နယ်မြေရှင်းလင်းလျက်ရှိ နေသည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

“ငါးတိုင်ဘက်မှာကကျတော့ တော်လှန်ရေးအဖွဲ့တွေဘက်က ပေးမထွက်ဘူးလို့ကြားတယ်။ လောလောဆယ်မြို့ထဲမှာ စီးပွားရေးသမားတွေကတော့ ဈေးပိုတက်တာပဲ။ ဆန်ဈေးက တစ်ဆလောက်ခုန်တက်သွားတယ်။ ဆိုင်ကယ်ဆီတွေလည်း ဈေးတက်ကုန်ပြီ” ဟု ကော့ကရိတ်မြို့ခံ အခြား အမျိုးသားတစ်ဦးက မြို့တွင်းအခြေ‌အနေကို ပြောပြသည်။

ထို့အပြင် စစ်ဘေးရှောင်ကူညီနေသူများ၏ ပြောကြားချက်အရ ကော့ကရိတ်နှင့်ကျုံဒိုးမှ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအဓိကလိုအပ်လျက်ရှိပြီး နေရာထိုင်ခင်းနှင့် အမိုးအကာ များလည်း လိုအပ်လျက်ရှိသည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့ကတည်းက စစ်ကောင်စီမှ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဘုန်းကြီး ကျောင်းနှင့် အရပ်သားနေထိုင်ရာကျေးရွာများသို့ လေကြောင်းမှ ဗုံးဆက်တိုက်ကြဲချ တိုက်ခိုက်မှု ကြောင့် သံဃာတော်များအပါအဝင် ဒေသခံ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၃၀ ဦးကျော် ထိခိုက် ဒဏ်ရာ ရရှိထားသည်။