Home ဆောင်းပါး အရေးသုံးပါး အခက်ကြုံနေသည့် ကျုံဒိုးစစ်ရှောင်များ

အရေးသုံးပါး အခက်ကြုံနေသည့် ကျုံဒိုးစစ်ရှောင်များ

981

အရေးသုံးပါး အခက်ကြုံနေသည့် ကျုံဒိုးစစ်ရှောင်များ

ဧပြီ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မိုးမရွာသော်လည်း တိမ်တိုက်များအုံ့ဆိုင်းနေသည့် စနေနေ့ နံနက် ( ဧပြီလ ၁၉ရက်)အစောပိုင်းတွင် တောင်ကြာအင်း-ကြာအင်းဆိပ်ကြီးလမ်းပိုင်းပေါ်၌ ကလေးသူငယ်အမျိုးသမီးအများစုပါဝင်သည့် အရပ်သားများကို တင်ဆောင်လာသော မော်ယာဉ်များ တစ်စီးပြီးတစ်စီး မောင်းနှင်လာလျက်ရှိသည်။

ထိုမော်တော်ယာဉ်များသည် ယခုရက်ပိုင်းအတွင်း တကျော့ပြန် ကော့ကရိတ်-ကျုံဒိုးတိုက်ပွဲကြောင့် အနီးအနား ရှိ ကျေးရွာများဖြစ်သည့် ကော့ဝါလဲ၊ ဝိဇ္ဇာကုန်း၊ မာလာကုန်းရေပူ စသည့် ကျေးရွာများမှ စစ်ဘေးရှောင်လာကြ သော စစ်ရှောင်များကို တင်ဆောင်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် သင်္ကြန်ကာလတွင် တကျော့ပြန် ကျုံဒိုး-ကောကရိတ် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ထိုဒေသတဝိုက် စစ်ဇုံနှင့် စစ်ဇုံ အနီး ရွာ ၅၀ ခန့်မှ ဒေသခံတို့ တိုက်ပွဲမဖြစ်သေးသည့် ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ ထိုသို့ စစ်ရှောင်ရသူ အများစုသည် စာနပ်ရိက္ခာများများစားစား မသယ်နိုင်သလို အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက် ပြေး တိမ်းရှောင်နေရသူများ ဖြစ်သည်။

“လာတာက ဘာမှမပါဘူး။ နေတာကြာလာတော့ အဆင်ပြေပေမယ့်လည်း အိမ်ရှင်တွေကိုတော့ အားနားတယ်” ဟု ကျုံဒိုးနယ်၊ ရွာတစ်ရွာက စစ်ရှောင်အမျိုးသမီး မိုးမြင့်ဝင်းက ပြောသည်။

သူမနေထိုင်သည့် ရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးလာကြဲသည်။ လေယာဉ်သံက အကျယ်ကြီးဖြစ်၍ လူကြီးများသည်ပင် နှလုံးတုန်ရပြီး သူမ၏ ကလေးများ ကြောက်လန့်ကုန်သည်။ ယခု သူမတို့ မိသားစု ဘေးလွတ် ရာ ကျေးရွာတစ်ခုသို့ စစ်ဘေးတိမ်းရှောင်ခဲ့ပြီး ဖြစ်သည်။

သင်္ကြန်ကာလမှစ၍ လက်ရှိအချိန်ထိ ကျုံဒိုးနယ်တွင် ကျေးရွာအုပ်စု ၉ စုမှ စစ်ရှောင် ဦးရေ ၃၀,၀၀၀ ကျော်ထိရှိသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသူများက စာရင်းပြုစုကောက်ယူထား ကနဦးစာရင်းအရ သိရသည်။

ထို့အပြင် စစ်ကောင်စီက စစ်ရှောင်များ ခိုလှုံလေ့ရှိသည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတိုး လုပ်နေသည့်အတွက် စစ်ဘေး ရှောင် စခန်းများသီးသန့် ဖွင့်လှစ်၍ မရသည့် အခြေအနေမျိုးဖြစ်နေသည်ဟု စစ်ရှောင်များကို လက်ခံထားသည့်ရွာ တာဝန်ရှိသူတို့က ပြောသည်။

လက်ရှိ အခြေအနေအရ ရွာတစ်ရွာလျှင် စစ်ရှောင် ၅၀၀ ဦးမှ ၁၀၀၀ ဦး ကြားထိ လက်ခံထားရပြီး ရွာရှိ အိမ်အရွယ် အစားပေါ်မှုတည်၍ တစ်အိမ်လျှင် စစ်ရှောင် ၂၀ ဦးမှ ၃၀ ဦးထိ နေရာချထားပေးသည်ဟု ကျေးရွာအုပ်စုမှူး တစ်ဦး ဖြစ်သည့် မန်းကြည်လင်းဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ရှောင်အများစုအတွက် အရေးပေါ် စားနပ်ရိက္ခာအတွက် လက်ခံထားသည့် ရွာရှိ ကျေးရွာသားများက သာ အများစုကုန်ကျခံ ကျွေးမွေးသလို ထိုင်းသို့ အလုပ်သွားလုပ်သူတို့က လှမ်းပို့ပေးသည့် အလှူငွေများနှင့် အစား အသောက်အတွက် အသုံးပြုနေရသည့် အခြေအနေဖြစ်သည်ဟု ၎င်းက ပြောသည်။

“အဖွဲ့အစည်းတွေနဲ့တော့ ချိတ်ဆက်မယ်ပေါ့၊ လောလောဆယ် လူထုအချင်းချင်း ကူညီတယ်။ ထိုင်းကိုတက်တဲ့ သူတွေကလည်း ပိုက်ဆံစုပို့ပြီးကူညီတာ ရှိတယ်။ ပြီးတော့ ရွာမှာ နည်းနည်းချင်းစီ အလှူငွေထည့်ပြီး ကူညီတယ်။ ပြီးတော့ အဖွဲ့တစ်ခုက ဆန်တွေ လာလှူပေးတာတော့ရှိတယ်” ဟု မန်းကြည်လင်းဦးက ပြောသည်။

ယခုတကျော့ပြန် ကျုံဒိုး-ကော့ကရိတ် တိုက်ပွဲများတွင် စစ်ကောင်စီက ၎င်းတို့အားသာသည့် လေကြောင်းမှ ဗုံးကြဲ ခြင်းနှင့် အတွဲလိုက်ပစ် ဒုံး များအပါအဝင်၊ လက်နက်ကြီးပစ်ခတ်မှု အများစုပြုလုပ်နေသည်ဟု စစ်ရေးသတင်းရင်း မြစ်များက ပြောသည်။

သင်္ကြန်ကာလ ဧပြီ ၁၅ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကျုံဒိုး တစ်ဖက်ကမ်းရှိ ကမ်းနီရွာ ဘုန်းကြီးကျောင်းသို့ စစ် ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် အသက် ၁၀ နှစ်အရွယ်ကလေးငယ်နှင့် အသက် ၇၆ နှစ် အရွယ် ရှိ အရွယ်လူကြီးအပါအဝင် စုစုပေါင်း ၆ ဦးသေဆုံးပြီး ဦးဇင်း၊ ကိုရင်အပါအဝင် နောက်ထပ် ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားရသည်။ ၎င်းဖြစ်စဉ်ကို ကြည့်ခြင်း အားဖြင့် စစ်ကောင်စီသည် အရပ်သားများထိခိုက်မည်ကို သိလျက်နှင့် ဗုံးကြဲချ တိုက်ခိုက်နေခြင်း ဖြစ်သည်။

ထို့အပြင် စစ်ရှောင်များထဲတွင်လည်း နေအိမ် ဗုံးကြဲခံရခြင်းနှင့် လက်နက်ကြီးထိမှန် ပျက်စီးသွားသူများလည်း ရှိသည်။ အချို့မှာ စိတ်ဒဏ်ရာများ ရရှိသွားသည်ကို တွေ့ရသည်ဟု ကျုံဒိုးမြိုနယ်၊ စစ်ရှောင်များကို အရေးပေါ်ကူညီ ပေးသည့် မြို့နယ်အဆင့် ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များ ဆိုင်ရာကော်မတီ-CIDKP အဖွဲ့က စောစိုးဝင်းက ပြောသည်။

“ဒီမှာရောက်တဲ့စစ်ရှောင်တွေဆိုရင် တချို့က မွေးခါနီးကိုယ်ဝန်ဆောင်တွေ ဒဏ်ရာရတဲ့သူတွေလည်း ပါတယ်။ တချို့က မိသားစုဝင်သေဆုံးတော့ အလောင်းပြန်မရတာတွေလည်းရှိတယ်။ တိုက်ပွဲပြင်းထန်တဲ့ ကာလဆိုတော့ ကျနော်တို့ အလောင်းသွားယူခွင့်မရဘူးပေါ့။ ဒါပေမယ့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားယူတာရှိတယ်။ အခုခန့်မှန်း ချက်အရ သေဆုံးသူ အယောက် ၂၀ အထက် ရှိတယ်’’ ဟု စောစိုးဝင်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မည်ကိုစိုးရိမ်သည့်အတွက် စစ်ရှောင်တို့အတွက် နေရာလွတ်သည့် ဘာသာရေး အဆောက်အဦးဖြစ်သည့် ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းအပြင် စာသင်ကျောင်းများ၌ နေရာ မချထားရဲသလို ဒေသခံ ကျေးရွာလူထုများလည်း သာရေးအဆောက်အဦးအနီးတွင် မနေရဲသည့် အခြေအနေတို့ ဖြစ်ပေါ်နေသည်။

လက်ရှိအချိန်တွင် ကော့ကရိတ်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသ အများစုတွင် စစ်ကောင်စီလက်နက်ကြီး ပစ်ခတ် မှုနှင့် လေကြောင်းပစ်ခတ်မှုကြောင့် စစ်ရှောင်နေရပြီး ကေအဲန်ယူ-ကျုံဒိုးမြို့နယ်ရှိ ကျေးရွာများတွင် သွားရောက် တိမ်းရှောင်သူများရှိသလို တချို့သည် မော်လမြိုင်၊ ဖားအံ၊ သာမည နှင့် လှိုင်းဘွဲ မြို့များသို့လည်း တိမ်းရှောင် နေကြသူတို့လည်း ရှိကြောင်း သိရသည်။

လက်ရှိ ကောသူးလေ နယ်မြေ၊ ကေအဲန်ယူ၊ ခရိုင် (၇)တွင် ၂၀၂၅ ခုနှစ် မတ်လအထိ စုစုပေါင်း စစ်ရှောင် ၁,၁၂၆,၇၉၆ ဦး ရှိထားပြီး ဖြစ်သည်ဟု CIDKP က ပြုစုထားသည့် စာရင်းများအရ သိရသည်။

ယခု ကျုံဒိုး-ကော့ကရိတ် တကျော့ပြန် တိုက်ပွဲများကြောင့် စစ်ရှောင်ဦးရေထပ်တိုးလာမည်ဖြစ်သည်။ သို့ သော် နိုင်ငံတကာအကူအညီတချို့ ဖြတ်တောက်ထားခြင်း အပါအဝင် အလှူရှင်အဖွဲ့အစည်းများလည်း အကန့်အသတ် ဖြင့်သာ ကူညီနိုင်သည့် အခြေအနေမျိုး ဖြစ်နေသည်။ ထို့ကြောင့် စစ်ရှောင်များအတွက် စား၊ ဝတ်၊ နေရေးမှာ အပြောထက် လက်တွေ့တွင် များစွာ အခက်ကြုံနေမည်မှာ မလွဲမုချသည်သာ။

(မှတ်ချက်။ ။ ယခုသတင်းဆောင်းပါးကို စစ်ရှောင်များရှိရာသို့ ကွင်းဆင်းသတင်းယူရေးသားခြင်း ဖြစ်ပြီး အထွေထွေလုံခြုံရေးအရ နေရာဒေသများကိုအတိအကျ ထည့်သွင်းမရေးသားခြင်းဖြစ်ကြောင်း အသိအပ်ပါသည်။)