ဧပြီ ၁၁ ရက် ၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်(ဖာပွန်)၊ တပ်မဟာ (၅)နယ်မြေ၊ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် ဧရိယာထဲရှိ လူသောမြို့နယ်၊ ဂလောထကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဧပြီ ၁၀ ရက်နေ့၊ နံနက် ၅ နာရီကျော် အချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN) က ပြောသည်။
ယခုလို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဂလောထကျေးရွာ ဘုန်းကြီးကျောင်း ပင်မကျောင်းဆောင် တစ်ခု ပျက်စီး သွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုမှု အသေးစိတ် မသိရသေးဟု ဒေသခံတစ်ဦးက ပြောသည်။
“ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး ကျောင်းဆောင်အမိုးကနေအောက်ထိ ဗုံးခွံနစ်ဝင်သွားတယ်။ အပျက်အစီးတွေကို ရွာသားတွေ ဝိုင်းရှင်းလင်းနေပါတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီလ(၈)ရက်နေ့တွင်လည်း လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ်စု၊ ဘလယ်ဝေါ် ကျေးရွာနှင့် ထီးသဲကရူကျေးရွာ အတွင်းသို့ ညနေ ၅ နာရီ ၂၄ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ကေအဲန်ယူ-ဗဟိုက ထုတ်ပြန် ပြောဆိုသည်။
အဆိုပါလေကြောင်း တိုက်ခိုက်မှုကြောင့် ဘလယ်ဝေါ်ကျေးရွာနေ ပြည်သူ (၂)ဦး ထိခိုက်ဒဏ်ရာရပြီး ဒေသခံ ၃ ဦး ၏ နေအိမ် ၃ လုံးမှာ ထိခိုက်ပျက်စီးခဲ့သည့်အပြင် ထီးသဲကရူကျေးရွာမှ ဒေသခံတစ်ဦး၏ နေအိမ်တစ်လုံးလည်း ထိခိုက် ပျက်စီးသွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၅ ရက်နေ့တွင်လည်း ခလယ်လွီထူ(ညောင်လေးပင်) ခရိုင်၊ ဆောထိ မြို့နယ်နှင့် မူးမြို့နယ် အတွင်း သို့ ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် (၁) လုံး နှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ထိခိုက် ပျက်စီးသွားခဲ့သည်။
အပစ်ရပ်ထားမည်ဟု ထုတ်ပြန်ထားသည့် စစ်ကောင်စီ၏ မကြာခဏလေကြောင်းတိုက်ခိုက်မှုများကြောင့် လူသောမြို့နယ်၊ ကျေးရွာအများစုမှ ဒေသခံများအနေဖြင့် ကြောက်ရွံ့မှုများစွာနှင့် နေထိုင်နေကြရသည်ဟု ဒေသခံများက ပြောသည်။