Home သတင်း သိန်ခွန်းကျေးရွာ တစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေ

သိန်ခွန်းကျေးရွာ တစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေ

591
Photo: Social Media

ဧပြီ ၂၂ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီ-မောတောင် နယ်စပ် ကုန်သွယ်ရေးလမ်းပေါ်ရှိ သိန်ခွန်း ကျေးရွာ အနီးတစ်ဝိုက်တွင် ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

အဆိုပါ တနင်္သာရီ- မောတောင် နယ်စပ်ကုန်သွယ်လမ်းကို ပြန်ထိန်းချုပ်ရန်အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှင့် ဒေသအခြေစိုက် တော်လှန်ရေး တပ်များအကြား ရက်ရှည် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး ဧပြီ ၂၁ ရက် နေ့တိုက်ပွဲတွင် နှစ်ဖက်ထိခိုက် သေဆုံးမှုများ ရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“၁၉ ရက်နေ့က တိုက်ပွဲမှာတော့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရင်းနဲ့ ထိပ်တိုက်တွေ့ပြီး ထိတွေ့တိုက်ပွဲ ဖြစ်သွားတယ်။ အဲ့ဒီတိုက်ပွဲထဲမှာပဲ ပွဲချင်းပြီး စစ်ကောင်စီဘက်က သေဆုံးသွားတယ်။ ကျန်တာတွေကတော့ အသေးစိတ် မသိရသေးပါဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါ လမ်းပိုင်းတွင် စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသအခြေစိုက် ကေအဲန်ယူ-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၁)၊ NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များ၊ KTLA တပ်ဖွဲ့တို့နှင့် ရက်ရှည်တိုက်ပွဲများ ဖြစ်ပွားနေ ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ထိုသို့တိုက်ပွဲများ မကြာခဏဖြစ်ပွားပြီး လမ်းပိတ်ဆို့၍ ကုန်စည်သယ်ယူပို့ဆောင်ရေး အခက်အခဲဖြစ်ကာ မောတောင်မြို့တွင် ပြည်တွင်းထုတ်စားနပ်ရိက္ခာများ ဝယ်ယူရန်ခက်ခဲလျက်ရှိသည်ဟု ဒေသခံများက ပြောဆို သည်။

ထို့အပြင် ရက်ရှည်တိုက်ပွဲများကြောင့် ရှမ်းတောရွာ၊ ရေဖြူရွာ၊ ထုံခါရွာ၊ ကော့ယွန်းရွာ၊ သိန်းခွန်းရွာ စသည့် ကျေးရွာ များမှ ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု နွေဦး-မေတ္တာ စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“အခုချိန်ထိနေရပ်မပြန်နိုင်သေးဘူးပေါ့နော်။ ဘာလို့လည်းဆိုတော့ လေကြောင်းရန်ကို ကြောက်ကြတာလည်း ပါတယ်။ တချို့ကတော့ ပြန်သွားလိုက် ပြန်လာလိုက်ပဲ။ နောက်ပြီး လမ်းတွေကလည်း တိုက်ပွဲကြောင့် ပိတ်ထား တာ တွေရှိနေတော့ စားနပ်ရိက္ခာဝယ်ယူနိုင်ဖို့အတွက် အခက်အခဲရှိတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်အလားတူ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ထားဝယ်-မြိတ် ကားလမ်းပေါ်ရှိ ဝင်းဝ နယ်မြေ ရဲစခန်းကို ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲများ ဖြစ်ပွား နေသည့် သရက်ချောင်း မြို့နယ်အတွင်းရှိ ကျေးရွာတချို့ကို ဧပြီလ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်မှ လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

သရက်ချောင်းမြို့နယ်အတွင်းသို့ လေကြောင်းဖြင့်ပစ်ခတ်မှုများကြောင့် ဝင်းဝကျေးရွာ၊ မင်းဒပ်ကျေးရွာ၊ ဝဲရစ် ကျေးရွာ၊ ကမြိုင်ကျေးရွာ၊ ရငဲကျေးရွာ၊ သဲချောင်းသားကျေးရွာ၊ စုံစင်ဖျားကျေးရွာ၊ ချောင်းဝပြင် ကျေးရွာအပြင် အနီးရှိကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု စစ်ဘေးရှောင်ကူညီသူများ ကပြောသည်။