Home Facts Checking News သရက်ချောင်းမှာ မိန်းမကိစ္စကြောင့် PDF အချင်းချင်း ပစ်သတ်တယ်ဆိုတဲ့ သတင်းအမှား

သရက်ချောင်းမှာ မိန်းမကိစ္စကြောင့် PDF အချင်းချင်း ပစ်သတ်တယ်ဆိုတဲ့ သတင်းအမှား

176

သရက်ချောင်းမှာ မိန်းမကိစ္စကြောင့် PDF အချင်းချင်း ပစ်သတ်တယ်ဆိုတဲ့ သတင်းအမှား

ဧပြီ ၁၁ ရက်၊ ၂၀၂၅ခုနှစ်။ KIC/Dawei Watch/The Red Flag

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ မိန်းမကိစ္စကြောင့် PDF ရဲဘော်အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး သေဆုံးတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်တွေမှာ ဖော်ပြနေကြပါတယ်။

အဲဒီဖော်ပြချက်ကို Myanmar Fact Checking Network အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ KIC-ကရင်သတင်းဌာန နဲ့ Dawei Watch တို့က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

Subscriber တစ်သိန်းခုနစ်သောင်းကျော်ရှိတဲ့ “မှိုင်းဝေ” အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဧပြီလ ၁၀ ရက်နေ့မှာ ဖော်ပြပါတယ်။ Dawei Watch က ဖော်ပြတဲ့ သတင်းရဲ့ ဓာတ်ပုံကို အသုံးပြုပြီး အချက် အလက်အမှားတွေနဲ့ ဖြန့်ချိခဲ့တာပါ။ အဲဒီဖော်ပြချက်ဟာ ကြည့်ရှုပြီးသူ သုံးသောင်းကျော်နဲ့ Reaction ပြုလုပ်သူ ခုနစ်ရာ နီးပါးနဲ့ ဆက်လက်ပျံ့နှံ့ နေတာကို အောက်ဖော်ပြပါလင့်ခ် မှာ ကြည့်နိုင်ပါတယ် ။

လင့်ခ် – https://archive.ph/zTIs6

အလားတူ ဖော်ပြချက်ကို Subscriber ပြုလုပ်ထားသူ တစ်သောင်းခွဲရှိတဲ့ “စောစိုင်းမှိုင်းဝေ” အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ထပ်ကူးယူဖော်ပြရာမှာလည်း ကြည့်ရှုသူ တစ်ထောင်နီးပါး၊ Reaction ပြုလုပ်ထားသူ သုံးဆယ်ကျော်နဲ့ ဆက်လက်ပျံ့နှံ့ နေတာ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

လင့်ခ်-https://archive.ph/OGZmD

◾သရက်ချောင်းမှာ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်

သရက်ချောင်းမြို့နယ်၊ ဝင်းဝနယ်မြေရဲစခန်းအနီးမှာ ဧပြီလ ၆ ရက် ည ၉နာရီမှာ ကရင်အမျိုး သားလွတ်မြောက်တပ် (KNLA) ရဲဘော်အချို့ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် PDF တပ်ရင်း (၂) က ရဲဘော်တွေ အချင်းချင်း ပစ်ခတ်မှု ဖြစ်ခဲ့ကြတယ်ဆိုတဲ့သတင်းကို နှစ်ဖက်တပ် တာဝန်ရှိသူတွေကို မေးမြန်းပြီး ဧပြီလ ၉ ရက်မှာ Dawei Watch က သတင်းဖော်ပြခဲ့ပါတယ်။

တစ်ဖွဲ့ နှင့်တစ်ဖွဲ့ ချိတ်ဆက်မှု အားနည်းချက်ကြောင့် မှားယွင်း ပစ်ခတ်မိကြခြင်းဖြစ်ပြီး ပစ်ခတ်မှု အတွင်း ထားဝယ်ခရိုင် PDF တပ်ရင်း (၂) က ရဲဘော်နှစ်ဦး သေဆုံးခဲ့တာကို တပ်ရင်း ၂ ရဲ့ တပ်ရင်းမှူး မင်းသားကြီးက Dawei Watch ကို အတည်ပြုဖြေဆိုထားပါတယ်။

ဖြစ်စဥ်အတွင်း တစ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၂၊ တပ်ခွဲ ၂ ကစယ်ဒိုကျားအထူးတပ်ဖွဲ့က တပ်ခွဲမှူး ဖိုးသောကြာ (ခေါ်) စောဘဦး သစ်ကလည်း ဝင်းဝနယ်မြေရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့နေစဉ် အဖွဲ့တစ်ဖွဲ့ရောက်လာပြီး မည်သည့်အဖွဲ့ဖြစ်သည်ကို မသိတာကြောင့် ပစ်ခတ်မှုဖြစ်ခဲ့ခြင်းသာ ဖြစ်တယ်လို့ တုံ့ပြန်ဖြေကြားပါတယ်။

ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး KNLA ဘက်က KNLA တပ်ရင်း (၁၂) တပ်ရင်းမှူးကို တင်ပြထားပြီး ထားဝယ် ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်-PDF တပ်ရင်း(၂) ဘက်ကလည်း တနင်္သာရီတိုင်း စစ်ဌာနကို တင်ပြထားတယ်လို့ နှစ်ဖက်အဖွဲ့အစည်းဆီကနေ သိရပါတယ်။

Dawei Watch က ဖော်ပြထားတဲ့ အဲဒီသတင်းအပြည့်အစုံကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

လင့်ခ် – https://www.daweiwatch.com/09/04/2025/109917/

◾ တယ်လီဂရမ်ချန်တွေက ယှဥ်တွဲဖော်ပြနေတဲ့ သတင်းဓာတ်ပုံ

အထက်ဖော်ပြပါ ဖြစ်စဥ်နဲ့ပတ်သက်ပြီး PDF အချင်းချင်း မိန်းမကိစ္စကြောင့် ပစ်သတ်ကြတယ်လို့ တယ်လီဂရမ် ချန်နယ်တွေက ဖော်ပြနေတဲ့ ဖော်ပြချက်တွေမှာ ယှဥ်တွဲ အသုံးပြုနေတဲ့ ဓာတ်ပုံဟာ Dawei Watch က သတင်းမှာ ဖော်ပြထားတဲ့ ဓာတ်ပုံကို ကူးယူပြီး အချက်အလက်အမှားနဲ့ ယှဥ်တွဲဖော်ပြနေတာကို စိစစ်တွေ့ရှိရပါတယ်။

◼ စိစစ်တွေ့ရှိချက်

သရက်ချောင်းမြို့နယ်မှာ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး PDF နှစ်ဦးသေဆုံး တယ်ဆိုတာ မှန်ကန်ပါတယ်။ ဒါပေမဲ့ တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြနေသလို မိန်းမကိစ္စကြောင့် PDF အချင်းချင်း ပစ်ခတ်မှုဖြစ်ခဲ့တာ မဟုတ်ပါဘူး။

ပစ်ခတ်မှု ဖြစ်ရတဲ့အကြောင်းအရင်းဟာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အချိတ်အဆက်အားနည်းပြီး မှားယွင်း ပစ်ခတ်တာသာ ဖြစ်တယ်လို့ နှစ်ဖက်အဖွဲ့အစည်းက အတည်ပြုပါတယ်။

တော်လှန်ရေးအဖွဲ့အချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်တာကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေက မိန်းကိစ္စကြောင့် အချင်းချင်းပစ်သတ်ကြတယ်ဆိုပြီး တော်လှန်ရေးကို ပုံဖျက်ဖို့ အချိန်ကိုက် ပုံမှားရိုက်သတင်းဖြန့်ခဲ့တာ အဖြစ် စိစစ်တွေ့ရှိရပါတယ်။

◼ အချက်အလက်စိစစ်ဖို့ တောင်းဆိုနိုင်ပါတယ်

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်မဟုတ်အတည်ပြု မေးမြန်း လိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်တွေ ဖြစ်တဲ့ Dawei Watch နဲ့ KIC ရဲ့ မက်ဆေ့ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေ ကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web-https://myanmarfactcheckingnetwork.org/
Fb-https://www.facebook.com/myanmarfactcheckingnetwork